Home
မြန်မာသတင်း
မြန်မာဘက် တင်ပို့မည့် မူးယစ်ဆေးကုန်ကြမ်း ဓာတုပစ္စည်း တန်ချိန်  ၉၀ ထိုင်းဆိပ်ကမ်း၌ ဖမ်းဆီးရမိ 
DVB
·
July 15, 2024
Photo- ThaiPBS

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဆီရားချားမြို့နယ်၊ လဲမ်ချဘမ်းဆိပ်ကမ်းမှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ထဲကို တင်ပို့မယ့် မူးယစ်ဆေးဝါးထုတ်ရာမှာသုံးတဲ့ Toluene ဓာတုပစ္စည်းကုန်ကြမ်း အလေးချိန်ပေါင်း တန်ချိန် ၉၀ ကို ဖမ်းဆီးရမိတယ်လို့  3Plus News ထိုင်းသတင်းမှာ ဇူလိုင် ၁၃ က ဖော်ပြပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဓာတုကုန်ကြမ်းတွေဟာ တောင်ကိုးရီးယားနိုင်ငံ ဘူဆန်ဒေသဘက်ကနေ သင်္ဘောနဲ့ ဝင်လာပြီး  ဇွန် ၇ ရက်က ဆီရားချားလဲမ်ချဘမ်းဆိပ်ကမ်းကို ဆိုက်ရောက်လာတာပါ။

တန်ချိန် ၉၀ ရှိတဲ့ ဓာတုကုန်ကြမ်းတွေကို ကွန်တိန်နာသေတ္တာ ၆ လုံးနဲ့  လဲချဘမ်းဆပ်ကမ်းမှာ ထိန်းသိမ်းထားပြီး  ဥပဒေနဲ့ညီညွတ်မှုရှိမရှိကို  ဆိပ်ကမ်းအကောက်ခွန်ဌာန၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့  ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။

စစ်ဆေးချက်အရ အဆိုပါပစ္စည်းတွေကို မှာယူသူဟာ စမွတ်စခွန်းခရိုင် လော်ဂျစ်စတစ် စီးပွါးရေးကုမ္ပဏီတခုဖြစ်ပြီး  ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေတဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ကုမ္ပဏီတခုကို ပို့ပေးဖို့ဖြစ်တယ်။

အိမ်နီးချင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အဆိုပါကုမ္ပဏီကို စုံစမ်းရာမှာ လိပ်စာ ပါနေရာမှာ အဆောက်အဦမှမရှိဘဲ မြေကွက်လွတ်သာ ရှိကြောင်း၊ မသင်္ကာဖွယ်တွေရှိနေတာကြောင့် သက်ဆိုင်ရာက မဲဆောက်ဘက်ကို ပို့ဆောင်ဖို့ ခွင့်ပြုချက် ပါမစ်မထုတ်ပေးနိုင်ဘဲ နိုင်ငံပိုင်အဖြစ်သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

အဆိုပါဓာတုကုန်ကြမ်း တန်ချိန်ပေါင်း ၉၀ ကနေ ဟီးရိုးအင်းထုတ်မယ်ဆိုရင် ၄ တန်ခွဲ၊ အိုက်စ်မူးယစ်ဆေး ၄၅၀၀ ကီလိုဂရမ်၊ ကိုကင်း ၄၅၀၀ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား သန်းပေါင်း ၂၇၀ သန်းထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ 

အရင်းအနှီးက စိတ်ကြွဆေး ၁ ပြား အတွက် ၀ ဒသမ ၂၅ ဘတ်သာရှိလို့  ထုတ်လုပ်ပြီးရင် ပမာဏအလွန်များပြားတဲ့ အမြတ်ငွေရရှိတယ်၊  အဲဒီဓာတုကုန်ကြမ်းက အမှန်ဆိုရင် ကြွက်သတ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတယ်၊ လူသားတွေအတွက် လွန်စွာ အန္တရာယ်ရှိတယ်။ ဒီတန်ချိန်ပေါင်း ၉၀ ကထုတ်တဲ့ မူးယစ်ဆေးဝါးဟာ မြို့နယ်တမြို့နယ်စာက လူတွေကို ပျက်စီးစေနိုင်တယ်၊ ဒါကြောင့် အရှိန်မြှင့် နှိမ်နင်းရမယ်လို့ မူးယစ်ဆေး ဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ခီရီဆဒ် တန်းသီနဝပ်ချိုင်းက ပြောပါတယ်။

Source: 3Plus News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013