ထိုင်းအစိုးရက ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်း ပြန်သွင်းမယ့် ဥပဒေကို ဆေးခြောက်လိုလားသူတွေက ဘန်ကောက်မြို့ အစိုးရအိမ်တော်ရှေ့နားမှာ အစာငတ်ခံ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
ထိုင်းနိုင်ငံမှာ အရင်အစိုးရလက်ထက်က ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်ကနေ ပယ်ချပြီး လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်သုံးစွဲခွင့် ပြုခဲ့ပါတယ်။
ဒါပေမဲ့ ဆေးခြောက်ကို လွတ်လပ်ခွင့်ပြုလိုက်ရာမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်တွေဟာ ဆေးခြောက်ကို မြည်းစမ်းရာက တခြားမူးယစ်ဆေးဝါးတွေပါ လက်တည့်သုံးလာကြတယ်၊ အနာဂတ်တိုင်းပြည်အတွက် အန္တရာယ်ရှိတယ် ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေသလို လွှတ်တော်ထဲမှာလည်း မူးယစ်ဆေးစာရင်း ပြန်သွင်းပြီး အသုံးပြုမှုကန့်သတ်ဖို့ တင်ပြတောင်းဆိုထားတာတွေ ရှိနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မတီက မူးယစ်ဆေးဝါးဥပဒေထဲမှာ ဆေးခြောက်ကို အမှတ် ၅ အဆင့် ပြင်းအားရှိ မူးယစ်ဆေးဝါးစာရင်းထဲ ပြန်လည်ထည့်သွင်းမှာဖြစ်ကြောင်း၊ လာမယ့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့ကစ ဥပဒေသက်ဝင်မယ့်အကြောင်း ကြေညာထားပါတယ်။
အဆိုပါဥပဒေကို သဘောမတူတဲ့ အုပ်စုကလည်း ရှိနေပြန်ပါတယ်။ အရင်အစိုးရလက်ထက်က ကင်းလွတ်ခွင့်ပြုခဲ့လို့ လုပ်ငန်းရှင်တွေဟာ ဘတ်ငွေသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံပြီး ဆေးခြောက်နဲ့ပတ်သက်တဲ့ စားသောက်ကုန်၊ လူသုံးကုန်အမျိုးမျိုးတွေ ထုတ်လုပ်ရောင်းချခဲ့တယ်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးကျဆင်းနေရာက ဆေးခြောက်ကင်းလွတ်မှုကြောင့် စီးပွားရေး ပြေလည်ခါစပြုနေချိန် အခုလိုပြန်ပိတ်လိုက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံရတော့မယ်လို့ အသေးစားအိမ်တွင်းမှုလုပ်ငန်းနဲ့ တနိုင်တပိုင် လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
အစိုးရအနေနဲ့ အဆိုပါဥပဒေပြင်ဆင်ရေး ပြန်လည်သုံးသပ်စိစစ်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စတင်လာပါတယ်။
ဆေးခြောက်လုပ်ငန်းနဲ့ ရပ်တည်နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို ကွင်းဆင်းပြီး သုတေသနပြုတာ၊ စစ်တမ်းကောက်တာတွေ မရှိဘူး၊ ဆေးခြောက်နဲ့ပတ်သက်တဲ့ ဥပဒေကို ရှင်းလင်းစွာရေးဆွဲပြီး ဥပဒေနဲ့ ပြန်ထိန်းချုပ်မယ့်ကိစ္စ ပြန်သုံးသပ်ဖို့ တောင်းဆိုကြောင်း “အနာဂတ်ထိုင်းဆေးခြောက်” လို့ အမည်ပေးထားတဲ့အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းကစ ဘန်ကောက်အစိုးရအိမ်တော်ရုံးရှေ့ ဆမိုင်မနုချေ့တံတားနားမှာ ထိုင်ပြီး ဆန္ဒပြ ကန့်ကွက်နေပါတယ်။
ဆေးခြောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်သောင်းကတည်းက မနုဿလူသားတွေနဲ့အတူ တည်ရှိခဲ့တဲ့ သဘာဝဆေးဘက်ဝင်အပင် ဖြစ်တယ်။ ဒါကို အန္တရာယ်ရှိအပင်အဖြစ် သတ်မှတ်ပြီး ထောင်ထဲပြန်ထည့်ထားတာ မတရားဘူး၊ အစိုးရဟာ ဆေးခြောက်မလိုလားသူတွေရဲ့ အသံကို တဖက်သတ်နားထောင်ပြီး အာဏာအသုံးချကာ ဥပဒေကို လိုသလိုပြောင်းနေတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၀ ရက်မှာတော့ ဆန္ဒပြအရှိန်မြှင့်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရအနေနဲ့ သူတို့တောင်းဆိုချက်တွေကို မလိုက်လျောမချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဆန္ဒပြခေါင်းဆောင် နိုင်းပဆစ်ထိချိုင်း နုနွန်းက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ မနေ့မနက် ၁၀ နာရီကစ အစာမစားဘဲ ရေပဲသောက်ကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ဝင် ကျန်းမာရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆုထင်း ကတော့ ခုလို ဆန္ဒပြတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ လူ့အခွင့်အရေး ပြည်သူ့အခွင့်အရေးနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။
ဆေးခြောက်ကင်းလွတ်ခွင့်ကို သဘောမတူတဲ့ အုပ်စုကလည်း ရှိနေတယ်၊ ဒီမိုကရေစီနည်းအရ အများစုရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်၊ ဒီဥပဒေက ပုံသေတွက်လို့တော့ မရပါဘူး၊ ပြန်လည်စိစစ်သုံးသပ်တာတွေ၊ တိကျခိုင်မာတဲ့ ဥပဒေတွေ ထွက်ရှိလာရင် အဲဒီအချက်ပေါ်မူတည်ပြီး ပြောင်းလဲမှုတွေ ရှိမှာပါလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဥပဒေမှာ ဆေးခြောက်ကို ဆေးဝါးဖော်စပ်ခြင်း၊ ဆေးဝါးအဖြစ် သုံးစွဲခြင်းမှာသာ ခွင့်ပြုပြီး ပြင်းအား အဆင့် ၅ ရှိ ဘေးအန္တရာယ်ရှိ မူးယစ်ဆေးဝါးစာရင်းဝင်တယ်လို့ ပါရှိပါတယ်။
Source-Nation TV / MGROnline