ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်တခုတည်းနဲ့ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရေး ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ထောက်ခံအားပေးတယ်လို့ ရွေ့ပြောင်းလုပ်သားအရေး အကူအညီပေးသူတွေက ပြောပါတယ်။
ထိုင်းအစိုးရဘက်က လုပ်ပေးတဲ့ ပန်းရောင်ကတ်တခုတည်းနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေးရေး၊ နယ်စပ်ဒေသတွေမှာ ကြားနေနယ်မြေတွေ သတ်မှတ်ပေးရေး၊ NUG အစိုးရ၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ တောင်းဆိုချက်တွေကို ဇူလိုင် ၇ ရက်က ဘန်ကောက်မြို့၊ ကုလရုံးရှေ့မှာ မြန်မာအလုပ်သမား ၃ဝ ကျော်က ထိုင်းအစိုးရနဲ့ ကုလသမဂ္ဂတို့ကို တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှုနဲ့ CI စင်တာတွေ ပိတ်သိမ်းတဲ့အပေါ် ကန့်ကွက်ဆန္ဒပြပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီတောင်းဆိုချက် ၃ ချက်အထဲ ပန်းရောင်ကတ်တခုတည်းနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရဖို့က အရေးအကြီးဆုံးအချက်ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ Bright Future အဖွဲ့က ကိုဆူရတ်ဂီရီက DVB ကို ပြောပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတွေကို ထုတ်ပေးနေတဲ့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးရေးစင်တာတွေထဲမှာ မဟာချိုင်ရှိ CI စင်တာတခုကလွဲလို့ ကျန်ရှိတဲ့ CI စင်တာတွေအားလုံးကို မြန်မာစစ်ကောင်စီရဲ့ တောင်းဆိုမှုကြောင့် ဇူလိုင်လ ၇ ရက်မှာ ထိုင်းအစိုးရက ပိတ်သိမ်းခဲ့တဲ့နောက် မြန်မာအလုပ်သမားတွေက ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ ဒီတောင်းဆိုဆန္ဒပြမှုကို ထောက်ခံအားပေးကြောင်းနဲ့ ပန်းရောင်ကတ်တခုတည်းနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရမယ်ဆိုရင် မြန်မာစစ်ကောင်စီရဲ့ အခွန်မဆောင်မနေရဆိုတဲ့ အချက်အပါအဝင် ဖိအားပေးမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ လျော့ကျသွားနိုင်မယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုမတိုင်ခင်က ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၈ သန်းရှိခဲ့ပြီး စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ကြောင့် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်သူ အရေအတွက် သိန်းနဲ့ချီ တိုးလာခဲ့တယ်လို့ အလုပ်သမားရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေက ပြောပါတယ်။
ဖူးအိအိနွယ်