ဂါဇာကမ်းမြောင်အလယ်ပိုင်းက အိမ်တလုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် သေဆုံး ဒဏ်ရာရသူ အများအပြားကို ဒယ်ယာ အယ်လ် ဘာလာမြို့က အယ်လ်အက်ဆာ မာတာ ဆေးရုံဆီ ဇူလိုင် ၉ ရက်မှာ ပို့ဆောင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ပါလက်စတိုင်း ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
လူအများအပြား ပျောက်နေပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတယ်လို့ ယူဆရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ခန်းယောနစ်မြို့မှာလည်း အစ္စရေးက တိုက်ခိုက်လို့ ပါလက်စတိုင်း ၂၉ ဦး သေဆုံးပြီး ဇူလိုင် ၉ ရက်က နက်ဆားဆေးရုံမှာ အလောင်းတွေ စုပုံနေခဲ့တယ်၊ သေဆုံးဒဏ်ရာရသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ထိန်းချုပ်တဲ့ ဂါဇာအစိုးရ မီဒီယာရုံးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အစ္စရေးက ဇူလိုင် ၉ ရက်က ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယောနစ်မြို့ အရှေ့ဘက် အာဘက်စံမြို့က စာသင်ကျောင်းအပြင်ဘက်မှာ အိုးအိမ်မဲ့ မိသားစုတွေ တဲအိမ်တွေကို တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ မျက်မြင်သက်သေတဦးက သူတို့အားလုံး အရပ်သားတွေပါလို့ အလေးပေးပြောကြားပါတယ်။
အစ္စရေးစစ်တပ်ကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ရာမှာ ဒီဖြစ်ရပ်ကို စောင့်ကြည့်နေတယ်လို့ စစ်တပ်က ပြောပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အမေရိကန်၊ အစ္စရေးနဲ့ ကာတာနိုင်ငံတို့အကြား လွန်ခဲ့တဲ့ရက်တွေအတွင်း သံခင်းတမန်ခင်းနဲ့ အပြင်းအထန် တက်တက်ကြွကြွ ကြိုးပမ်းနေတဲ့ကြားမှာ ခုလို လေကြောင်းကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအသီးသီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်း ၄၀ ကျော် သေဆုံးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်ကြောင်း ဟားမတ်စ်တွေက ဇူလိုင် ၉ ရက်မှာ သတိပေးထားလို့ ဂါဇာမှာ နေထိုင်သူတွေ ထွက်ပြေးခဲ့ကြပါတယ်။
Source-Reuters