
၂၀၂၅ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးမှာ ငွေကျပ် ၁,၇၆၁ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၂ သန်း လောက်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ပိုများတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ငွေကျပ် ၉၉၈ ဘီလီယံကျော် (သန်းပေါင်း ၁ သန်းလောက်) ဖိုးလောက်ပဲ ဖမ်းဆီးရခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ၂ ဆနီးပါး များလာပါတယ်။
၂၀၂၄ ခုနှစ်တုန်းက အမှုပေါင်း ၅,၅၉၃ နဲ့ လူပေါင်း ၇,၈၂၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ အမှုပေါင်း ၅,၃၇၀ နဲ့ လူပေါင်း ၇,၅၆၂ ယောက်ကို ဖမ်းဆီးခဲ့လို့ အရင်ကထက် လျော့သွားပါတယ်။
စာရင်းအချက်အလက်တွေအရတော့ အမှုနဲ့ ဖမ်းမိသူ နည်းသွားပြီး မူးယစ်ဆေးပမာဏနဲ့ တန်ဖိုးကတော့ သိသိသာသာ များလာတာပါ။
၂၀၂၅ ခုနှစ်အတွင်း ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုကျော်၊ ကက်တမင်း ၁၅ တန်ကျော် အပါအဝင် တခြား မူးယစ်ဆေးဝါးတွေနဲ့အတူ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ပစ္စတိုသေနတ် အလက် ၄၀၊ လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂,၇၆၄ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနဲ့ ဒီတိုနေတာမျိုးစုံ ၁၈၇,၄၀၀ ချောင်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်နိုင်တဲ့ ထိန်းချုပ်ဓာတုပစ္စည်း Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone လီတာ ၉၆၀၊ Toluene လီတာ ၅,၀၄၀ ကျော်၊ Ammonium Chloride ၅ တန်၊ Sodium Cyanide ၂ တန်ကျော်၊ တခြားဓာတုပစ္စည်းတွေဖြစ်တဲ့ Sodium Carbonate ၅ တန်၊ Acetic Acid လီတာ ၂၅,၆၀၀ ကျော်နဲ့ Nitric Acid လီတာ ၃,၈၂၀ အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းတွေနဲ့ တခြားဓာတုပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅-၂၆ ဘိန်းစိုက်ရာသီမှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ဘိန်းစိုက်ခင်း စုစုပေါင်း ၅,၀၈၄ ဧကကျော်ကို ဖျက်ဆီးခဲ့တယ်လို့လည်းဆိုပြီး ဒီထဲမှာ နေပြည်တော်နဲ့ ၁၀ မိုင်လောက်ပဲ ဝေးတဲ့နေရာက ဘိန်းခင်းတွေလည်း ပါပါတယ်။


