
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၂၃,၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပြီး လာရောင်းသွားသူကိုတော့ မမိသေးဘူးလို့ စစ်ကောင်စီ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဇန်နဝါရီ ၄ ရက် ညမှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲက မြိတ်မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ အောင်ထွန်းမင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ သူ့ဆီကနေ စိတ်ကြွဆေးပြား ၂၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်အရ အဲဒီနေ့ ည ၉ နာရီခွဲမှာ သူနေထိုင်တဲ့ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာကအိမ်မှာ ဆေးပြား ၇ သိန်းခွဲကို ထပ်သိမ်းဆည်းရမိလို့ စုစုပေါင်း စိတ်ကြွဆေးပြား ၇ ဒသမ ၇ သိန်း (ဒေသတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၃,၁၀၀) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို သယ်ဆောင်ခိုင်းသူ အောင်မျိုးလွင်ကို အဲဒီည ၁၁ နာရီခွဲအချိန်မှာ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်က နေအိမ်မှာ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ဆေးပြားတွေကို ပုလောမြို့နေ ကျော်စွာစိုး (ခ) ကုလားက မြိတ်မြို့၊ အဝေးပြေးကားဝင်း အဟောင်းကို လာရောက်ပို့ဆောင် ရောင်းချတာဖြစ်ပြီး သူ့ကိုတော့ ဖမ်းမမိသေးပါဘူး။


