
မန္တလေးမြို့မှာ ဒီဇင်ဘာ ၂၁ ရက်က ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို၊ ကာလတန်ဖိုး ကျပ်သိန်း ၃,၅၀၀ ကျော်ဖိုး ဖမ်းမိတယ်လို့ စစ်ကောင်စီပြန်ကြားရေး လက်အောက်ခံ သတင်းစာတွေက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက် ညနေက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကားတစီးကို သတင်းအရ ရှာဖွေစစ်ဆေးရာမှာ တန်ဖိုး ကျပ်ငွေ သိန်း ၁,၁၀၀ ဖိုးရှိတဲ့ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို ဖမ်းမိတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ဆေးဖော်ထုတ်ချက်အရ ကားပေါ်ပါလာတဲ့ အောင်မြင့်နဲ့ ဝင်းမြိုင်တို့ရဲ့ အမရပူရမြို့နယ်ရှိ အိမ်ကို ရှာဖွေရာမှာ တန်ဖိုးငွေ ကျပ်သိန်း ၂,၄၀၀ ကျော်ဖိုးရှိတဲ့ ဘိန်းဖြူ ၉ ဒသမ ၉ ကီလိုကို ထပ်ပြီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဘိန်းဖြူတွေကို ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်နေ ကျော်ဦးက မန္တလေးကို ပို့တာလို့ စစ်တပ် ပြန်ကြားရေးသတင်းစာမှာ ဖော်ပြပါတယ်။
ဖမ်းမိထားသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူတွေကို ဆက်ပြီးဖော်ထုတ်နေတယ်လို့ သိရပါတယ်။


