
ဆော်ဒီအာရေဗျနိုင်ငံမှာ တနှစ်အတွင်း သေဒဏ်ပေးသူအရေအတွက် ၂ နှစ်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ အနည်းဆုံး လူ ၃၄၇ ယောက်ကို သေဒဏ်ပေးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Reprieve အဖွဲ့က ထုတ်ပြန်ပါတယ်။
နောက်ဆုံးသေဒဏ်စီရင်ခံရတာကတော့ မူးယစ်ဆေးမှုနဲ့ အဖမ်းခံရတဲ့ ပါကစ္စတန်နိုင်ငံသား ၂ ယောက် ဖြစ်ပါတယ်။
သေဒဏ်ပေးခံရသူတွေထဲမှာ ဆန္ဒပြပွဲ ဆက်စပ်ပြစ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရချိန်မှာ အသက်မပြည့်သေးတဲ့ လူငယ် ၂ ယောက် ပါဝင်ပါတယ်။ ဂျာနယ်လစ်တယောက်နဲ့ အမျိုးသမီး ၅ ယောက်လည်း ပါဝင်ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က နိုင်ငံကို လူမှုရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမဲ့ တဘက်မှာတော့ ဝေဖန်သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
သေဒဏ်ပေးခံရသူ ၃ ပုံ ၂ ပုံနီးပါးဟာ သေစေတဲ့ကိစ္စမဟုတ်တဲ့ မူးယစ်ပြစ်မှုတွေနဲ့ ချမှတ်ခံရတာဖြစ်ပြီး ဒါဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီဘူးလို့ ကုလသမဂ္ဂက သုံးသပ်ပါတယ်။
ဆော်ဒီမှာ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲနေချိန်မှာ သေဒဏ်ပေးခံရသူ ထက်ဝက်ကျော်ဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
Reprieve အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက သေဒဏ်ချမှတ်မှုဆိုင်ရာ လေ့လာရေးအကြီးအကဲ ဂျိဒ်ဘာဆယိုနီက “ဆော်ဒီအာရေဗျဟာ အခုအခါမှာ ကျူးလွန်ခဲ့တာတွေအတွက် လုံးဝကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေပါတယ်။ ဒါဟာ လူ့အခွင့်အရေးစနစ်အပေါ် လှောင်ပြောင်နေသလိုပါပဲ” လို့ ပြောပါတယ်။
ဆော်ဒီပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်မှာ ညှဉ်းပန်းနှိပ်စက်တာနဲ့ အတင်းအကျပ် ဝန်ခံခိုင်းတာဟာ ကပ်ရောဂါလို ပျံ့နှံ့နေတယ်လို့ဘာဆယိုနီက သုံးသပ်ပါတယ်။


