
မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ကျပ်သန်းပေါင်း ၃၇,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ်ကိုပို့မဲ့ ဆေးပြားတွေလို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၃၁ ရက် ညမှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက မင်းဘူးမြို့၊ ကန်ရေရွာနားမှာ အောင်ဇင်ဝင်း(ခ)ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့် လိုက်ပါလာတဲ့ Canter ကားကို သတင်းအရ စစ်ဆေးရာမှာ ကားပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း(ဒေသတန်ဖိုးငွေကျပ်သန်းပေါင်း ၃၇,၄၆၅) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အဲဒီဆေးပြားတွေကို စစ်ကိုင်းမြို့ကနေ မန္တလေးမြို့ကိုသယ်ပြီး အိမ်မှာ သိမ်းထားပြီးနောက် မန္တလေးကနေ မင်းတုန်းမြို့ကို တာဝန်ခံသယ်ဆောင်တဲ့ နေမျိုးအောင်နဲ့ သူ့ရဲ့ဇနီး မညိုညိုသက်တို့ကို မကွေးမြို့၊ နတ်မောက်လမ်းက ဟိုတယ်မှာ Super Custom ကားနဲ့အတူဖမ်းမိပြီး အောင်မြေသာစံမြို့နယ်က သူတို့ရဲ့အိမ်ကနေ Hyundai Starex ကား ၁ စီးကိုလည်း ထပ်သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို စစ်ကိုင်းမြို့နယ်၊ ဆည်လေးကျေးရွာနေ မင်းမင်း ဖြစ်ပြီး သူ့ကိုတော့ ဖမ်းမမိသေးဘဲ စစ်ကိုင်းမြို့နယ်ကနေ မင်းတုန်းမြို့ကို၊ မင်းတုန်းမြို့ကတဆင့် ရခိုင်ပြည်နယ်ကို ဆက်လက်သယ်ဆောင်တာလို့ ဖော်ပြထားပါတယ်။


