Home
နိုင်ငံတကာ
ဂရင်းလန်းပြည်သူများက အမေရိကန်ထက် ဒိန်းမတ်ကို လိုလားကြဟု ဝန်ကြီးချုပ် ပြော
DVB
·
January 14, 2026
Photo: Reuters

အခုချက်ချင်းသာ ရွေးချယ်ရမယ်ဆိုရင် ဂရင်းလန်း ပြည်သူတွေဟာ အမေရိကန်ထက် ဒိန်းမတ်ကိုပဲ လိုလားကြတယ်ဆိုပြီး ဒေသဆိုင်ရာဝန်ကြီးချုပ် ယန်း ဖရက်ဒရစ်ခ် နီလ်ဆင်က ပြောပါတယ်။

ဒါဟာ ဇန်နဝါရီ ၁၃ ရက်က ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နီလ်ဆင်က မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂရင်းလန်းကျွန်းကို သိမ်းယူမဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ပြန်စလာချိန်မှာ အပြင်းထန်ဆုံး တုံ့ပြန်ခဲ့တာပါ။

အဲဒီနောက် ဂရင်းလန်းဝန်ကြီးချုပ်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ထရမ့်ပ်က “အဲဒါ သူတို့ပြဿနာပါ၊ ကျုပ်အနေနဲ့ သူ့အမြင်ကို လက်မခံသလို သူ့အတွက်လည်း ပြဿနာအကြီးကြီး ရှိလာလိမ့်မယ်” လို့ ဖြေဆိုသွားပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ တရုတ်-ရုရှား ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် ဂရင်းလန်းကျွန်းကို အမျိုးသားလုံခြုံရေးအရ “ပိုင်ဆိုင်ထားဖို့” လိုအပ်တယ်ဆိုပြီး ထရမ့်ပ်အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။

၂၀၁၉ ထရမ့်ပ် ပထမသက်တမ်းတုန်းက ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးသလို အင်အားသုံး သိမ်းယူဖို့အတွက်လည်း အိမ်ဖြူတော်အနေနဲ့ ငြင်းဆိုထားတာမျိုး မရှိပါဘူး။

ဂရင်းလန်းကျွန်းဟာ မြောက်အမေရိကတိုက်နဲ့ အာတိတ်ဒေသကြားမှာ တည်ရှိတဲ့အလျောက် ဒုံးကျည်တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အခါ ကြိုတင်သတိပေးနိုင်မဲ့ စနစ်တွေ ထားရှိဖို့နဲ့ ဒေသတွင်းက သင်္ဘောတွေကို စောင့်ကြည့်ဖို့အတွက် အချက်အချာကျပါတယ်။

ဒုတိယကမ္ဘာစစ် ကာလကတည်းက ဂရင်းလန်းကျွန်းရဲ့ အနောက်မြောက်ဘက်စွန်း ပစ်တူးဖစ်ခ် အခြေစိုက်စခန်းမှာ အမေရိကန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ကို နေရာချထားပြီးသား ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံနဲ့ ရှိပြီးသား သဘောတူညီချက်တွေအရ ဆိုရင်လည်း အမေရိကန်ဟာ သူတို့လိုအပ်သလောက် တပ်ဖွဲ့ဝင်အင်အားအတိုင်း စေလွှတ်ပိုင်ခွင့် ရှိပါတယ်။

ဒါပေမဲ့လည်း ထရမ့်ပ် ကတော့ မြေငှားစာချုပ်နဲ့တင် မလုံလောက်ဘဲ “ပိုင်ဆိုင်မှုရှိရမယ်” လို့ ဆိုတဲ့အပြင် “NATO မဟာမိတ်အဖွဲ့အနေနဲ့ပါ ဒါကို နားလည်ထားရမယ်” ဆိုပြီး သတိပေးထားပါတယ်။

ဂရင်းလန်းဟာ ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ အီတလီနဲ့ ဂျာမနီ စတဲ့ ၅ နိုင်ငံ ပေါင်းထားတာထက်တောင် ပိုပြီးကျယ်ဝန်းတဲ့အလျောက် ကမ္ဘာ့အကြီးဆုံးကျွန်းအဖြစ် လူသိများပါတယ်။

အလားတူ ဂရင်းလန်းကျွန်းဟာ ဒိန်းမတ်နိုင်ငံရဲ့ ပိုင်နက်တခု ဖြစ်ပေမဲ့လည်း အတိုင်းအတာ တခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားပါတယ်။

ဒါကြောင့် ထရမ့်ပ်ရဲ့ အစီအစဉ်အတိုင်းသာ အောင်မြင်ခဲ့မယ်ဆိုရင် အမေရိကန်သမိုင်းတလျှောက် အကြီးမားဆုံးသော နယ်မြေတိုးချဲ့ပိုင်ဆိုင်မှု ဖြစ်လာနိုင်ပါတယ်။

တချိန်တည်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲတွေ အရည်ပျော်လာတာနဲ့အမျှ ဂရင်းလန်းကျွန်းက သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲဖို့ ပိုမိုလွယ်ကူလာခဲ့သလို ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေလည်း အမြောက်အမြား ရှိနေနိုင်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013