
၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးကို ခေတ္တခဏ ပြဋ္ဌာန်းခဲ့တာကြောင့် လက်နက်ကိုင် ပုန်ကန်မှုကို စီမံခြယ်လှယ်ခဲ့တာဖြစ်ကြောင်း စွပ်စွဲခံထားရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို သေဒဏ်ချမှတ်ပေးဖို့ တောင်ကိုရီးယား အထူးရှေ့နေက ဇန်နဝါရီ ၁၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း သေဒဏ်ချမှတ်တာကို မကျင့်သုံးခဲ့ပါဘူး။
ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ နောက်ဆုံး ငြင်းခုံလျှောက်လဲချက်တွေအရ သမ္မတဟောင်း ယွန်းဟာ အာဏာဆက်ရှိနေစေဖို့ ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂင်မ်ယောင်ဟွန်းတို့ ညွှန်ကြားခဲ့တယ်ဆိုတဲ့ အစီအစဉ်တခုရှိကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက အတည်ပြုခဲ့တယ်လို့ တရားလိုရှေ့နေတယောက်က ပြောကြားခဲ့ပါတယ်။
“ယွန်းဆွတ်ခ်ယိုးဟာ လစ်ဘရယ်ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် အရေးပေါ် စစ်အုပ်ချုပ်ရေးကို ပြဋ္ဌာန်းခဲ့တယ်လို့ ပြောဆိုပေမဲ့ သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့၊ တရားမဝင်တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးဟာ အမျိုးသားလွှတ်တော်နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေခဲ့ပါတယ်။ တကယ်တော့ လစ်ဘရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးပစ်ခဲ့တာပါ” လို့ တရားလိုရှေ့နေက နောက်ဆုံးငြင်းခုံချက်တွေမှာ ပြောကြားခဲ့ပါတယ်။
“တရားခံဟာ ရာဇဝတ်မှုအတွက် စိတ်ရင်းမှန်နဲ့ နောင်တမရခဲ့ပါဘူး။ ပြည်သူတွေကိုလည်း သင့်လျော်တဲ့ တောင်းပန်ခဲ့တာမျိုး မရှိပါဘူး” လို့ ဆိုပါတယ်။
အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်း ယွန်းကတော့ စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ သူဟာ နိုင်ငံကိုဖျက်ဆီးမဲ့ မကောင်းမှုကို ကာကွယ်ဖို့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာလို့ သူ့ရဲ့ပြောဆိုချက်ကို ယွန်ဟက်ပ် သတင်းဌာနက ကိုးကား ထုတ်ပြန်ခဲ့ပါတယ်။
သူဟာ သမ္မတ တယောက်အနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာခွင့်ဟာ သူ့အာဏာထဲမှာရှိပြီး ဒီလုပ်ရပ်ဟာ အတိုက်အခံပါတီတွေရဲ့ အစိုးရကို တားဆီးပိတ်ပင်မှုနဲ့ ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်တယ်လို့ ငြင်းခုံခဲ့ပါတယ်။
တရားရုံးဟာ ဒီအမှုကို ဖေဖော်ဝါရီလမှာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
အစိုးရရှေ့နေတွေ တောင်းဆိုတဲ့ ပြစ်ဒဏ်ကို ကိုရီးယားတရားရုံးတွေမှာ အမြဲတမ်း မကျင့်သုံးပါဘူး။
မနှစ်တုန်းက ယွန်းဆွတ်ခ်ယိုးကို ရာထူးက ဖယ်ရှားပြီးနောက် ရွေးကောက်ခံခဲ့ရတဲ့ သမ္မတ အီဂျယ်မြောင်ရဲ့ ရုံးခန်းကတော့ တရားစီရင်ရေးဟာ တရားဥပဒေ၊ စည်းမျဉ်းမူဘောင်တွေနဲ့ အများပြည်သူဆိုင်ရာ စံနှုန်းတွေနဲ့အညီ စီရင်ဆုံးဖြတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကြေညာချက်တစောင်မှာ ပြောကြားခဲ့ပါတယ်။
Source: Reuters


