
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်မှာ မဲထည့်ခွင့်ရဖို့ အချက်အလက်တွေ ပြည့်စုံပေမဲ့ အမည်စာရင်း ပါမလာလို့ မထည့်ဘဲ ပြန်လာရသူတွေ များတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက် ရွေးကောက်ပွဲ ဒုတိယပိုင်းကျင်းပတဲ့ ဒီကနေ့မနက် လဲချား အထက ကျောင်းမှာ မဲသွားထည့်တာ၊ မဲထည့်ဖို့ အမည်စာရင်းသွားပေးထားသူ ၂၈ ယောက်ထဲက အယောက် ၂၀ ပဲ အမည်စာရင်းပါလာတာကြောင့် ၈ ယောက်က မဲမပေးဘဲ ပြန်ခဲ့ရတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ကျမအသိထဲက သူတို့ ၂၈ ယောက်လုံး မဲထည့်ဖို့ နာမည်သွားပေးထားတာ၊ အကုန်လုံး မဲထည့်ခွင့်ရဖို့ ဘောင်ဝင်တယ်၊ ဒီနေ့ မဲသွားထည့်တော့ ၈ ယောက်က နာမည်မပါဘူး၊ မဲရုံစောင့်တွေကို မေးတော့ သူတို့လည်းမသိဘူး၊ ဟိုဘက်မေးခိုင်း ဒီဘက်မေးခိုင်းနဲ့ ဘယ်သူမှ မဖြေပေးနိုင်ဘူး။”
နောက်ဒေသခံတယောက်ကလည်း “ကျမတို့မိသားစုထဲမှာလည်း အစ်ကိုရဲ့နာမည် မပါဘူးလေ။ ရပ်ကွက်ထဲမှာ တချို့က နာမည်စာရင်းပဲရှိပြီး လူကမရှိဘူး၊ တချို့က လူတော့ရှိတယ် အမည်စာရင်းက ပါမလာဘူး။ မဲပေးချင်လို့ မပေးလိုက်ရသူတွေလည်း အများကြီးပဲ” လို့ ပြောပါတယ်။
မဲရုံဝင်းထဲမဝင်ခင် တယ်လီဖုန်းကို အပြင်မှာထားခဲ့ရတယ်၊ ဓာတ်ပုံရိုက်ခွင့်မရှိဘူး၊ ဘောလ်ပင် ဖောင်တိန် ခဲတံ မယူလာရဘူး၊ ပီကေ မဝါးရ၊ ဆေးလိပ်မသောက်ရ၊ ကွမ်းမဝါးရဘူး၊ အထဲဝင်တော့ မဲရုံစောင့်တွေက ဟိုလိုလုပ် ဒီလိုလုပ် အမြန်နှိပ်ခိုင်းတယ်၊ ကိုယ်က ဘယ်ပါတီထည််မလဲဆို စဉ်းစားချိန်တောင် မရပါဘူး၊ တနာရီကို အယောက် ၁၀၀ မဲထည့်ပြီးရမယ်လို့ အထက်က မှာထားတယ်တဲ့၊ လူတိုင်းကို ရှင်းပြနေရတာ အသံတောင်ဝင်တယ်၊ ၁ နာရီကို အယောက် ၁၀၀ ပြီးပါ့မလားလို့လည်း ညည်းနေကြတယ်။
လဲချားမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ကျားဖြူပါတီ (SNDP) စတဲ့ ၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပါတယ်။
မဲဆန္ဒရှင်တယောက်က “ကျမကတော့ ရှမ်းစကားပြောတတ်တဲ့ ကိုယ်စားလှယ်ကိုပဲ မဲပေးခဲ့တယ်။ စကားချင်းပေါက်တော့ ကိုယ့်အခက်အခဲကို ပြောပြရတာ အားရတယ်။ သူတို့လည်း နားလည်ပြီး ကျမတို့အခက်အခဲကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တယ် ” လို့ DVB ကို ပြောသွားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
Source: Local People


