Home
မြန်မာသတင်း
လဲချားတွင် ကျားဖြန့်ငွေလိမ်ဂုဏ်းများကြောင့် ဒေသခံများ လူမှုဘဝ ထိခိုက် 
DVB
·
October 2, 2024
လဲချားမှကျားဖြန့်ရုံများ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကလူတွေ ရာနဲ့ချီ ရောက်ရှိ နေပြီး ဒေသခံတွေရဲ့   လူမှုစီးပွားဘဝ ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျားဖြန့်ဂိုဏ်းသားတွေဟာ ဒီနှစ်ဆန်း ဖေဖော်ဝါရီ၊ မတ်လလောက်ကတည်းက တသုတ်ချင်းစီ ရောက်လာကြပြီး အခုဆိုရင် ရွာ ၄ ရွာမှာ ရာနဲ့ချီရောက်ရှိနေပါတယ်။

သူတို့တွေဟာ ရှမ်းပြည်မြောက်ပိုင်းဘက်က ပြောင်းရွှေ့လာကြပြီး တရုတ်လူမျိုးအများစုပါတယ်၊  တရုတ်ငွေကို ဖောဖောသီသီသုံးစွဲကြတယ်၊ ဒေသခံလူငယ်တွေကို ငွေပုံပေးပြီး သူတို့ထဲပါအောင် သိမ်းသွင်းနေတယ်လို့ ဒေသခံတယောက်က DVB  ကို ပြောပါတယ်။

“သူတို့က တရုတ်ငွေနဲ့ မြန်မာငွေလဲပြီးသုံးတယ်၊ ဖောဖောသီသီသုံးကြတယ်၊ ဈေးမဆစ်ဘူး၊  အဲဒီတော့ ကုန်ဈေးနှုန်းက  ၂ ဆ ၃ ဆ တက်လာတယ်။ အရင်က ဆန် တခွဲ (၈ ပြည်) ကို ကျပ်  ၂၈၀၀၀ အခု ၄၀၀၀၀၊ ဝက်သား တပိဿာ အရင်က ကျပ် ၁၅၀၀၀ အခု ၂၀၀၀၀၊ နံနံပင်တစည်း ၂၀၀ ကနေ ၅၀၀ အဲလိုပေါ့။  ပြီးတော့ လုပြီးဝယ်ရတယ်၊ နည်းနည်းနောက်ကျရင် သူတို့အ ကုန်ဝယ်သွားပြီ၊ ကားတွေနဲ့တင်သွားတာ၊ အကုန်ဈေးတက်ရတဲ့အထဲ လိုချင်တာဝယ်လို့ မရတော့ဘူး။ အောက်ခြေလူ တန်းစားတွေအတွက် ခက်ခဲတယ်။”

ကျားဖြန့်ဂိုဏ်းသားတွေဟာ လဲချားမြို့ အရှေ့မြောက်ဘက် ၁၈ မိုင်လောက်အကွာ ဝမ်ဟိုင့်၊  မန်ပန်၊ ဟိုနမ့်စတဲ့ ကျေးရွာအနီးမှာနေထိုင်ပြီး စစ်ကောင်စီလက်အောက်ခံ အမှတ် ၇၅၈ ပြည်သူ့စစ်တွေက ကာကွယ်ပေးထားပါတယ်။

ဒေသခံတယောက်က “မြို့ထဲက လူငယ်တွေကို သူတို့ဆီမှာလုပ်ဖို့ ငွေနဲ့မျှားခေါ်တယ်။ မိန်း ကလေးတွေကို ခေါ်အိပ်တယ်၊ ယောကျ်ားလေးတွေကို ကျားဖြန့်အလုပ်သင်ပေးတယ်။ အဲဒီထဲမှာ ကာစီနို၊ ကာရာအိုကေ အကုန်ရှိတယ်။ အခုချိန်မှာ စီးပွားရေး ကျပ်တည်းနေကြတော့ လူငယ်တွေလည်း သွားတာပေါ့။  မိန်းကလေးတွေက အိမ်ပြန်လာရင် စားချင်တာစား ဝတ်ချင်တာ ဝတ်ပြတော့ ကျန်တဲ့မိန်းကလေးတွေလည်း အားကျပြီးသွားကြတယ်။ တခုလပ်တွေပါ သွားကြတယ်။ လူငယ်တွေထဲမှာ  ဟက်ပီးဖျော်ရည်၊ ရာဘ၊ အိုက်စ် မူးယစ်ဆေးသုံးစွဲတာတွေ များလာတယ်။ စာရိတ္တပျက်စီးတယ်။  လူကြီးမိဘပြောဆို ဆုံးမလည်း မရပါဘူး။ အခုလူငယ်တွေက ထိုင်းသွားရင်သွား၊ မသွားရင် ကျားဖြန့်ရုံမှာ သွားလုပ် အနာဂတ်အတွက် တော်တော် ရင်လေးစရာကောင်းပါတယ်”လို့ ပြောပါတယ်။

လဲချားမြို့နယ်ထဲမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်နဲ့  SSPP ရှမ်းတပ်၊  SSPP ဝတ်စုံဝတ် ‘ဝ’ တပ်ဖွဲ့စတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိပေမဲ့ ဘယ်အဖွဲ့ကမှ ဒီကျားဖြန့်တွေကို မနှိမ်နင်းဘဲ မသိကျိုးကျွံ ပြုထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီကိစ္စ သတင်းမီဒီယာပေါ် မတက်အောင် ခြိမ်းခြောက်တာနဲ့  မသင်္ကာတဲ့ဒေသခံတွေရဲ့  လက်ကိုင်ဖုန်းတွေကို စစ်ဆေးလေ့ရှိတယ်လို့ လဲချားဒေသကနေ တခြားမြို့ကို တိမ်းရှောင်ထွက်ခွာလာတဲ့ ဒေသခံက DVB ကို ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013