ထောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသား ၈ ဦး ခြေတရွတ်တိုက် လျှောက်လာချိန်မှာ ထွက်ပေါ်လာတဲ့ ခြေထိတ် လက်ထိတ် အသံတွေဟာ သူတို့ရဲ့ အနာဂတ်မှာ မုန်တိုင်းထန်ပြီး ရုန်းကန်သွားရမယ့် နိမိတ်လက္ခဏာ ဖြစ်ပါတယ်။ သူတို့ကို အစောင့်အကြပ်တွေက တရားခွင်ဆီ ခေါ်ထုတ်လာတာဖြစ်ပြီး သူတို့ဟာ သဘောထား အရိုးခံရှိတဲ့ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေကို လှည့်ဖြားဖို့ရာအတွက် ငွေကြေးလိမ်လည်မှု ကျူးလွန်သူတွေနဲ့အတူ အလိုတူအလိုပါ လုပ်ကိုင်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စက်ဆုပ်ရွံရွာဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။
သူတို့ဟာ ၂၀၂၃ ခုနှစ် တနှစ်ပတ်လုံး မြန်မာနိုင်ငံအရှေ့မြောက်ဘက် လောက်ကိုင်မြို့နယ်မှာရှိတဲ့ နိုင်ငံဖြတ်ကျော် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်း အဖွဲ့တဖွဲ့နဲ့အတူ နေထိုင် လုပ်ကိုင်ခဲ့တယ်လို့ အမှုကြားနာစစ်ဆေးရာ ချင်းရိုင်တရားရုံးမှာ ရှေ့နေက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ကပ်ရောဂါဆိုးတခုလို ကူးစက်ပျံ့နှံ့လာတဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု ပြဿနာတွေနဲ့ နပန်းလုံး နေရချိန်မှာပဲ အခုလို သူတို့ရဲ့ ကြားနာစစ်ဆေးမှု ထွက်ပေါ်လာခဲ့တာပါ။ အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေကြောင့် ထိုင်းနိုင်ငံမှာ တွက်ဆလို့ မရနိုင်တဲ့ ဘဏ္ဍာငွေ ဆုံးရှုံးမှုတွေ၊ စိတ်သောကရောက်ရမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး လူလိမ်တွေရဲ့ သားကောင် ဖြစ်ခဲ့ရသူတွေဟာ သူတို့ဘဝတလျှောက်လုံး ခြိုးခြံချွေတာ စုဆောင်းထားသမျှ ငွေကြေးတွေ အကုန် ဆုံးရှုံးခဲ့ကြရပါတယ်။
ငွေလိမ်ဂိုဏ်းတွေဟာ ဖုန်းခေါ်တာ၊ စာတိုပေးပို့တာ ဒါမှမဟုတ် အင်တာနက်အခြေပြု ဆက်သွယ်ရေးပလက်ဖောင်းတွေကနေတဆင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက် တွေနဲ့ ဘဏ်စာရင်း အသေးစိတ် အချက်အလက်တွေကို အသုံးချပြီး ဘဏ်အကောင့်ထဲက ငွေတွေကို လွှဲပြောင်းခိုးယူကြတာ ဖြစ်ပါတယ်။
နိုင်ငံတော် ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားအရ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာပင် လူပေါင်း ၅၄၀,၀၀၀ ထက်မနည်း ငွေလိမ်ခံခဲ့ရပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံနဲ့ ညီမျှတဲ့ ဘတ်ငွေ ၆၃ ဘီလီယံအထိ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမယ့် ရုံးထုတ် ကြားနာ စစ်ဆေးနေတဲ့ တရားခံ ၈ ဦးထဲက ပရမတ်ကစ်သီလတ်နဲ့ နသာဖန်းယမ်းမာနတ်တို့ ၂ ဦးကတော့ သူတို့ဟာ အာဏာပိုင်တွေရဲ့ မှားယွင်းတဲ့ တင်ပြ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတာလို့ Hardstories သတင်းဌာနကို ပြောပါတယ်။
သူတို့နှစ်ဦးဟာ အလုပ်ကြော်ငြာစာ အတုတွေကနေတဆင့် ဆိုက်ဘာရာဇဝတ်ဂိုဏ်းသားတွေရဲ့ ကျွန်ပြုတာကို ခံခဲ့ရသူတွေ ဖြစ်တယ်လို့ တရားခွင်မှာရှိတဲ့ သတင်းထောက်တယောက်ကို ပြောကြားခဲ့ပါတယ်။
ပရမတ်က “ရာဇဝတ်ဂိုဏ်းသားတွေရဲ့ လှည့်စားတာကို ခံခဲ့ရပေမဲ့ ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် လုပ်တာ ဒါမှမဟုတ် ငွေကြေးလိမ်လည်တာတွေ မလုပ်ခဲ့ပါဘူး။ အဲဒီမှာရှိနေတဲ့ ဘဝတူ အထိန်းအချုပ်ခံ တခြား ထိုင်းလူမျိုးတွေရဲ့ ကိုယ်စား ထိုင်းသံရုံးကို ဆက်သွယ် အကူအညီတောင်းဖို့ပဲ ကြိုးစားနေခဲ့တာ” လို့ ပြောပါတယ်။
နောက်ထပ် တရားခံတဦးဖြစ်တဲ့ နသာဖန်းကလည်း သူဟာ ၂၀၂၃ ခုနှစ်၊ မေလမှာ အွန်လိုင်းအလုပ်ကြော်ငြာတခုကို လျှောက်ရင်း နယ်စပ်တလျှောက်မှာရှိတဲ့ လူမှောင်ခိုကူးသူတွေနဲ့ ငွေလိမ်ကွန်ရက်တခုရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့အကြောင်း ပြောပါတယ်။
နသာဖန်းက “အဲဒီမှာ ထိန်းသိမ်းထားတဲ့ လူတိုင်းကို တာဝန်ကိုယ်စီ ခွဲပေးထားတယ်။ သူတို့ပြောတဲ့အတိုင်း မလုပ်ရင် နှိပ်စက်တာ ခံရတယ်” လို့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နေသူတွေကို အရေးယူ အပြစ်ပေးသွားဖို့နဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေကို ရှင်းလင်းနှိမ်နင်းသွားဖို့ ဖိအားတွေ မြင့်တက်လာချိန်မှာ အာဏာပိုင်တွေရဲ့ တရားဝင် အရေးယူဆောင်ရွက်ချက်တွေဟာ လူကုန်ကူးခံရတဲ့ သားကောင် ဖြစ်နိုင်ချေရှိသူတွေကို ရာဇဝတ်သားတွေအဖြစ် မှားယွင်းစွာ ထုတ်ဖော်စွပ်စွဲလေ့ရှိပြီး ဥပဒေကြောင်းအရ အကာအကွယ်ပေးရမယ့်သူတွေကို ထိခိုက်နစ်နာစေလျက် ရှိနေတယ်လို့ လူကုန်ကူးခံရသူအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းရေး လုပ်ထုံးလုပ်နည်းတွေဟာ ခက်ခဲရှုပ်ထွေးတဲ့ ဗျူရိုကရေစီစနစ်နဲ့ တသမတ်တည်း တိတိကျကျမရှိတဲ့ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ စည်းမျဉ်းတွေကြောင့် အားနည်းချက်တွေ ရှိနေသလို စစ်ဆေးရေးလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အာဏာပိုင်တွေမှာ စာနာနားလည်မှု ဒါမှမဟုတ် ကိုယ်ချင်းစာတရား ကင်းမဲ့မှုတွေ ရှိနေတယ်လို့လည်း ကူညီရေးအဖွဲ့တွေက သတိပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ဆေးရေးလုပ်ငန်းစဉ်ကို ကြီးကြပ်နေတဲ့ တာဝန်ရှိသူ အတော်များများဟာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ကင်းမဲ့နေဆဲပဲလို့ လူမှောင်ခိုကူးမှုအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲ ဆောင်ရွက်နေတဲ့ အီမန်နျူယယ် ဖောင်ဒေးရှင်း ပူးတွဲတည်ထောင်သူ ကျာရုဝပ် ကျင့်မွန်းကာက ပြောပါတယ်။
ကျာရုဝပ်က ပရမတ်နဲ့ နသာဖန်းတို့ ရင်ဆိုင်နေရတဲ့ ဖြစ်စဉ်တွေကို ထောက်ပြခဲ့ပြီး သူတို့ဟာ လူကုန်ကူးမှု ကျူးလွန်ခဲ့သူတွေလား ဒါမှမဟုတ် လူကုန်ကူးခံရသူတွေလား ဆိုတာကို ရဲတပ်ဖွဲ့အနေနဲ့ ထည့်သွင်းမစဉ်းစားဘဲ သူတို့ကို ဖမ်းဆီးခဲ့တာဟာ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်ရန် အဓမ္မစေခိုင်းခံရခြင်း
ပရမတ်နဲ့ နသာဖန်းတို့ဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးရေးတာဝန်ရှိသူတွေက ကနဦးကတည်းက အတည်ပြု သတ်မှတ်ခဲ့ပြီးဖြစ်ပေမဲ့ အခုလက်ရှိမှာတော့ လူမှောင်ခိုကူးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ငွေကြေးလိမ်လည်မှုတွေ အပါအဝင် စွဲချက်တွေ တသီတတန်းကြီးနဲ့ တရားစွဲခံထားရပြီး အပြင်းထန်ဆုံး ပြစ်မှုအတွက် ၁၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် ကျခံရနိုင်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
သူတို့ရင်ဆိုင်နေရတဲ့ ကြီးလေးတဲ့ ပြစ်မှုတွေကြောင့် ထွက်ပြေးမှာစိုးတဲ့အတွက် တရားရုံးက ကြားနာစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ သူတို့ကို ချုပ်နှောင်ထားပါတယ်။
လောက်ကိုင်မှာရှိတဲ့ ငွေကြေးလိမ်လည်ရေး စင်တာအတွင်းမှာ ၆ လကြာ နေထိုင်ခဲ့တဲ့ နသာဖန်းက ရက်ရက်စက်စက် နှိပ်စက်ခံရမှာစိုးတဲ့အတွက် သူ့ကို ဖမ်းဆီးချုပ်နှောင်ထားသူတွေရဲ့ အမိန့်ကို လိုက်နာရုံကလွဲလို့ သူ့မှာ ရွေးချယ်စရာ မရှိတဲ့အကြောင်း၊ ဒါပေမဲ့လည်း တခြား ဖမ်းဆီးခံ ဘဝတူတွေ နှိပ်စက်ခံရမှု သက်သာအောင် သူလုပ်နိုင်တာကို လုပ်ပေးခဲ့တဲ့အကြောင်း ပြောပြပါတယ်။
နသာဖန်းက “ကျနော် ကြီးကြပ်ရတဲ့အဖွဲ့ထဲက တယောက်ယောက်ကို သူတို့ အပြစ်ပေးချင်တယ်ဆိုရင် ကျနော်က ရတယ်၊ ကျနော် ဖြေရှင်းလိုက်မယ်လို့ သူတို့ကို အမြဲပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်သူဌေးတွေက ရက်ရက်စက်စက် အပြစ်ပေးရတာကို ခံတွင်းတွေ့ သဘောကျလေ့ရှိတယ်။ ဒါပေမဲ့ ကျနော်ကတော့ သူတို့ကို အချိန်အကြာကြီး ရပ်ခိုင်းပြီး အပြစ်ပေးလိုက်တယ်။ ဆိုတော့ သူတို့အနေနဲ့ တရုတ်သူဌေးတွေရဲ့ နှိပ်စက်တာ မခံရတော့ဘူးပေါ့” လို့ ပြောပါတယ်။
သူနဲ့ အမှုအတူရင်ဆိုင်နေရတဲ့ ပရမတ်ကလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ထိုင်း-တရုတ် ဘာသာပြန်အလုပ်အတွက် Facebook မှာ ကြေညာထားတဲ့ အလုပ်ကြော်ငြာကို လျှောက်ပြီးတဲ့နောက် သူ့ရဲ့အလုပ်ရှင်လို့ ယူဆရတဲ့သူနဲ့ သွားတွေ့ခဲ့ချိန်မှာ သူဟာ လူလိမ်တွေရဲ့ သားကောင်ဘဝ ကျရောက်ခဲ့ရတဲ့အကြောင်း ပြန်ပြောင်း ပြောပြပါတယ်။
သူဟာ အနှိပ်စက်ခံဘဝနဲ့ ပိုက်ဆံတပြားမှမရဘဲ အဓမ္မ အလုပ်စေခိုင်းခြင်းခံခဲ့ရပြီး သူ့ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ တရုတ်လူမျိုးတွေအတွက် စကားပြန်လုပ်ပေးခဲ့ရတယ်လို့ ပြောပါတယ်။
အရှေ့တောင်အာရှရှိ ကုလသမဂ္ဂဌာနေရုံးက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာလည်း လူတဦးချင်းစီကို လိမ်လည် အကျပ်ကိုင်ပြီး ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ အဓမ္မစေခိုင်းနေတဲ့ လုပ်ရပ်တွေဟာ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တခုဖြစ်ပြီး ဒေသတွင်းရှိ တရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေ အနေနဲ့ ဒီကိစ္စကို ချက်ချင်း အရေးယူဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အီမန်နျူယယ် ဖောင်ဒေးရှင်း ပူးတွဲတည်ထောင်သူ ကျာရုဝပ်က “ဒီငွေကြေးလိမ်လည်ရေး ကွန်ရက်တွေနဲ့ call centre တွေကို အဓိကအားဖြင့် ဩဇာအာဏာရှိတဲ့ တရုတ်လူမျိုးတွေက ငွေကြေးထောက်ပံ့ပေးနေပြီး သူတို့ရဲ့ နည်းလမ်းတွေဟာ အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲမှုတွေ ရှိနေတယ်” လို့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ ပြောကြားခဲ့ပါတယ်။
အခုဆိုရင် သူတို့ရဲ့နည်းလမ်းတွေထဲမှာ Facebook ပေါ်ကနေ အလုပ်ခေါ်တာတွေပါ ပါဝင်ပြီး လူတွေကို အယုံသွင်းကာ သူတို့အတွက် ခိုင်းစားဖို့ နည်းလမ်းမျိုးစုံနဲ့ မျှားခေါ်နေကြတာလို့ ဆိုပါတယ်။
ဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၁၅ ဦးနဲ့ လည်ပတ်နေတဲ့ အီမန်နျူယယ် ဖောင်ဒေးရှင်းဟာ လူကုန်ကူးခံရသူတွေကို စောင့်ရှောက်နိုင်ဖို့နဲ့ လူကုန်ကူးမှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ဆယ်စုနှစ်တခုကြာ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့မှာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အဓမ္မစေခိုင်းခြင်းခံရတဲ့ ထိုင်းနိုင်ငံသားတွေအတွက် အကူအညီတောင်းခံနိုင်တဲ့ တယ်လီဖုန်းလိုင်းတခုကို ဖွင့်လှစ်ထားရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ထိန်းသိမ်းခြင်း ခံခဲ့ရသူ အတော်များများဟာ ထိုင်းနိုင်ငံကို ပြန်ရောက်ချိန်မှာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ဆီးကြိုခံရလေ့ ရှိပါတယ်။
ကျာရုဝပ်ကတော့ သူ့ဖောင်ဒေးရှင်းအနေနဲ့ ပရမတ်နဲ့ နသာဖန်းတို့ အပါအဝင် ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရသူ ၃၄ ဦးကို လက်ရှိမှာ ကူညီထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ ကောက်ကျစ်စဉ်းလဲတဲ့ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ ခြံဝင်းထဲကနေ လွတ်မြောက်လာခဲ့ပေမဲ့လည်း သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ ညတာဆက်ရှည်နေဦးမယ့် အနေအထား ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ တရားမျှတမှုအတွက် ဆက်ပြီး ကာလရှည် တိုက်ပွဲဝင် သွားကြရဦးမှာပါ။
သူတို့ဟာ ကယ်ဆယ်ရေးမစ်ရှင်နောက်ပိုင်း မီဒီယာတွေမှာ ဖော်ပြခံရခြင်းလည်း မရှိသလို တရားခွင်မှာ သတင်းယူနေတဲ့ မီဒီယာဆိုလို့ Hardstories တခုသာ ရှိပါတယ်။
လူကုန်ကူးမှုတွေဟာ အခု ၂၀၂၄ ခုနှစ်ထဲမှာ မြင့်မားလာနေပြီး ဆိုက်ဘာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အတင်းအဓမ္မ စေခိုင်းခံရသူ အရေအတွက်ဟာ အရင်ကထက် ပိုမိုမြင့်တက်လာခဲ့တယ်လို့ ကျာရုဝပ်က သုံးသပ် ပြောကြားခဲ့ပါတယ်။
Facebook ကို ငါးမျှားချိတ်အဖြစ် အသုံးပြုလာ
အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာမှုတရပ်မှာလည်း နိုင်ငံဖြတ်ကျော် ဆိုက်ဘာ ရာဇဝတ်မှုတွေ၊ အမှောင်ဒုစရိုက်လောကသားတွေ ကျက်စားရာ ကာစီနိုတွေနဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေဟာ အရှေ့တောင်အာရှရဲ့ တချို့နေရာတွေမှာ တဟုန်ထိုး တိုးပွားလာခဲ့ကြောင်း ဖော်ပြထားပါတယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ ဒီစီးပွားရေးအင်ပါယာတွေဟာ ခေတ်မီတဲ့ စက်မှုလုပ်ငန်းအဆင့် ငွေကြေးလိမ်လည်ရေး လုပ်ငန်းစုတွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး အရှေ့တောင်အာရှဒေသနဲ့ ပြင်ပနိုင်ငံတွေက လူပေါင်းများစွာကို သားကောင်အဖြစ် ပစ်မှတ်ထားလာခဲ့ပါတယ်။
USIP ရဲ့ ခန့်မှန်းချက်အရ ဒီရာဇဝတ်မှုလုပ်ငန်းစုတွေရဲ့ ခိုးယူရရှိတဲ့ ငွေပမာဏဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံကျော်အထိ ရှိနိုင်ပြီး ဒါဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာ ၃ နိုင်ငံပေါင်း GDP ရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီငွေကြေးလိမ်လည်ရေး လုပ်ငန်းတွေကို လူထောင်ပေါင်းများစွာနဲ့ လည်ပတ်လုပ်ကိုင်နေပြီး လူအများစုဟာ လစာကောင်းတဲ့ နည်းပညာမြင့် အလုပ်အကိုင်တွေဆိုင်ရာ အွန်လိုင်းကြော်ငြာတွေကနေ လိမ်လည်လှည့်စားခြင်း ခံခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အကျဉ်းထောင်ပုံစံမျိုး လက်နက်ကိုင်ဂိုဏ်းတွေ စောင့်ကြပ်ထားတဲ့ ငွေလိမ်လုပ်ငန်းတွေ လုပ်ဆောင်ရာ ခြံဝင်းတွေထဲကို လူကုန်ကူးခြင်း ခံခဲ့ရပြီး အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်ဖို့ အဓမ္မခိုင်းစေခြင်း ခံခဲ့ရတယ်လို့ USIP ရဲ့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာတဲ့ အခြေအနေဟာ မြန်မာ-တရုတ်နယ်စပ်မှာ လည်ပတ်နေတဲ့ ဆိုက်ဘာ ရာဇဝတ်မှု လုပ်ငန်းစုတွေ ကြီးထွားလာအောင် ပျိုးထောင်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။
နောက်ပိုင်း တရုတ်အစိုးရရဲ့ ဖိအားတွေနဲ့ ရှင်းလင်းနှိမ်နင်းမှုတွေကြောင့် ဒီလုပ်ငန်းစုတွေဟာ ထိုင်းနယ်စပ်ကို ရွှေ့ပြောင်းသွားခဲ့ပြီး အဲဒီနေရာတွေမှာ Hardstories က တွေ့ဆုံမေးမြန်းခဲ့တဲ့ ၈ ဦး အပါအဝင် ထိုင်းနိုင်ငံသားများစွာဟာ လူကုန်းကူးသူတွေရဲ့ ငါးစာနဲ့တူတဲ့ မက်လုံးတွေကို ဟပ်မိကာ ကျွန်ပြုခံခဲ့ကြရပါတယ်။
အဲဒီလူတွေထဲမှာ အရင်က ဥထုံဌာနီခရိုင်ရှိ စာသင်ကျောင်းတခုမှာ တရုတ်စာသင်ပေးတဲ့ ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့တဲ့ ပရမတ်လည်း အပါအဝင် ဖြစ်ပါတယ်။ သူဟာ အမြဲတမ်းခန့် ကျောင်းဆရာအနေနဲ့ စာချုပ်မရှိတဲ့အတွက် ကျောင်းဆရာအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီးနောက် တရုတ် အွန်လိုင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီတခုမှာ စကားပြန်အဖြစ် လုပ်ကိုင်ခဲ့ပြီး တလကို ဘတ် ၂၅,၀၀၀ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံမှာ တရုတ် စကားပြန်အလုပ်အတွက် တလလုပ်ခ လစာ ဘတ် ၇၀,၀၀၀ အထိ ကမ်းလှမ်းထားတဲ့ Facebook ပေါ်က အလုပ်ခေါ်စာကို လျှောက်မိတဲ့အချိန်မှာ အလိမ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အလားတူ နသာဖန်းဟာလည်း မြန်မာနိုင်ငံမှာ ကာစီနိုမန်နေဂျာရာထူးအတွက် တလ ဘတ် ၅၀,၀၀၀ ရမယ်ဆိုတဲ့ Facebook ပေါ်က အလုပ်ကြော်ငြာစာရဲ့ လှည့်ဖြားခြင်းကို ခံခဲ့ရတာပါ။
လူမှောင်ခိုကူးသူတွေနဲ့ ငွေလိမ်လုပ်ငန်းတွေဟာ Facebook ကို ငါးမျှားချိတ်အနေနဲ့ အသုံးပြုလာလျက်ရှိပြီး မြင့်မားတဲ့ ရာထူးတွေ၊ လစာတွေနဲ့ အကျိုးခံစားခွင့်တွေကို မက်လုံးပေးကာ ငါးစာအဖြစ် အသုံးချကြပါတယ်။ နောက်ပြီး သူတို့ရဲ့ ကုမ္ပဏီတွေဟာ မန္တလေးလို မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျရာ မြို့ကြီးတွေမှာ ရှိတဲ့အကြောင်း ယုံကြည်အောင် ဟန်ဆောင် စာရင်းပြကြပါတယ်။
အလုပ်လျှောက်ထားသူ သားကောင်ဟာ ကမ်းလှမ်းထားတဲ့ ရာထူးကို သဘောတူလိုက်ပြီ ဆိုရင်တော့ မြန်မာနိုင်ငံဘက် သွားရောက်ဖို့ လုပ်ငန်းရှင်က စီစဉ်ပေးပါတယ်။ အဲဒီနောက် သတ်မှတ်နေရာ ရောက်တဲ့အချိန်မှာ အလုပ်ရှာသူတွေရဲ့ ခရီးသွား အထောက်အထားတွေကို အကုန်သိမ်းဆည်းပြီး ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေ မစေခိုင်းခင်မှာ ချုပ်နှောင်ထားခဲ့တယ်လို့ ကျွန်ပြုခံဘဝကနေ လွတ်မြောက်လာသူတွေက Hardstories ကို ပြောပြခဲ့ပါတယ်။
Facebook ပိုင်ရှင် Meta ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တဦးကတော့ လူကုန်ကူးမှုနဲ့ ခေါင်းပုံဖြတ်မှုတွေ ဖြစ်စေနိုင်တဲ့ အတုအယောင် အလုပ်ခေါ်စာ ကြော်ငြာတွေကို ရှင်းထုတ်နိုင်ဖို့ ရည်ရွယ်ပြီး အာရှ-ပစိဖိတ်ဒေသဆိုင်ရာ သတိပေးစနစ်အသစ်ကို ၂၀၂၃ ခုနှစ်အစောပိုင်းမှာ မိတ်ဆက် ဖော်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီဆောင်ရွက်ချက်ကြောင့် ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်အတွင်းမှာ အန္တရာယ်ရှိတဲ့ အလုပ်ကြော်ငြာစာပေါင်း ၄၃၆ သန်းကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လူကောင်းလား လူဆိုးလား
မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် လောက်ကိုင်မှာ ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ အစီရင်ခံဖော်ပြမှုတွေ ကြီးထွားလာမှုဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ပူးတွဲကယ်ဆယ်ရေး စစ်ဆင်ရေးကို ဆောင်ရွက်ဖို့ ထိုင်းအာဏာပိုင်တွေကို တွန်းအားပေးနိုင်ခဲ့ပါတယ်။
ပရမတ်ဟာ ချင်းရိုင်ပြည်နယ်ကနေတဆင့် ထိုင်းဘက်ကို ပထမအသုတ် ကယ်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။ သူ့ကို စစ်ဆေးမေးမြန်းရေး လုပ်ငန်းစဉ်အဖွဲ့က လူကုန်ကူးခံရသူအဖြစ် သတ်မှတ်ခဲ့သလို ဥပဒေကြောင်းအရ စိတ်ပိုင်းဆိုင်ရာ ကုစားရေးနဲ့ ပြည်နယ်ကနေ လျော်ကြေးပေးသွားဖို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ရက်သတ္တပတ် ၂ ပတ်ကြာပြီးနောက်မှာ သူ့ဘဝဟာ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ နန်မြို့ကို ရဲတွေရောက်လာပြီး သူ့ကို သံသယရှိ ရာဇဝတ်သားအနေနဲ့ ဖမ်းဆီးခဲ့ကြပါတယ်။
နသာဖန်းဟာလည်း အလားတူ ဖြစ်ပါတယ်။ ထိုင်းကိုရောက်ပြီး စစ်ဆေးမှုခံယူရာမှာ သူ့ကို လူကုန်ကူးခံရတဲ့ သားကောင်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ ရက်သတ္တပတ်အနည်းငယ် ကြာပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရပြီး တရားဥပဒေ စိုးမိုးရေး အာဏာပိုင်တွေအနေနဲ့ ဘာကြောင့် အပြောင်းအလဲ မြန်ရသလဲဆိုတာ သူနားမလည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။
နသာဖန်းက “ကျနော်တို့ လောက်ကိုင်မှာ ထိန်းသိမ်းခံထားရချိန်မှာ ကျနော်တို့ကို ကြိုက်တဲ့သူလည်း ရှိတယ်၊ မကြိုက်တဲ့သူတွေလည်း ရှိတယ်။ တယောက်ယောက်က ကျနော်ဟာ ငွေလိမ်မှုတွေမှာ စိတ်ပါလက်ပါ လုပ်ခဲ့တယ်လို့ ရဲကိုတိုင်လိုက်လို့ ရဲက အဲဒီလူရဲ့ ထွက်ဆိုချက်ကို အဓိကသက်သေအဖြစ် သတ်မှတ်ပြီး ကျနော့်ကို ဖမ်းတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးကြောင့် လွတ်မြောက်မလာခင်အချိန်ထိ လောက်ကိုင်က ငွေလိမ်လုပ်ငန်းစု ခြံဝန်းထဲမှာ ခိုင်းဖတ်ဘဝနဲ့ ၆ လကြာ နေခဲ့ရသူ နောက်ထပ် ထိုင်းနိုင်ငံသားတဦးဖြစ်တဲ့ ဖတ်ထရဖုန်း ဝုန်းဒေါဝ်က ပရမတ်နဲ့ နသာဖန်းတို့ နှစ်ဦးဟာ ရာဇဝတ်မှုတွေ ကျူးလွန်အောင် အဓမ္မစေခိုင်းခြင်း ခံခဲ့ရတဲ့သူတွေ ဖြစ်တယ်လို့ Hardstories သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။
ဖတ်ထရဖုန်းက “ပရမတ်နဲ့ နသာဖန်းတို့ဟာ ကျနော်နဲ့ တခန်းတည်း အတူနေခဲ့ရသူတွေပါ။ လောက်ကိုင်ကနေ လွတ်မြောက်ရေးအတွက် အကူအညီတောင်းခံဖို့ စာတိုပို့တာတွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ သူတို့က ကျနော့်ကို ကူညီခဲ့ကြတာပါ။ အဲဒီလိုလူတွေကို ရဲက ဘာကြောင့် ဖမ်းတာလဲ” လို့ ပြောပါတယ်။
ဖတ်ထရဖုန်း ထိုင်းကို ပြန်ရောက်တဲ့အချိန်မှာ စစ်ဆေးရေးတာဝန်ရှိအဖွဲ့က သူ့ကို လူမှောင်ခိုကူးခံရသူအဖြစ် အတည်ပြု သတ်မှတ်ခဲ့ပါတယ်။ အခုအခါမှာတော့ သူဟာ ဘဝတူ လူကုန်ကူးခံရသူတွေအတွက် တတ်နိုင်သမျှ အကျိုးပြုနိုင်ဖို့ အီမန်နျူယယ် ဖောင်ဒေးရှင်းမှာ စုံစမ်းစစ်ဆေးသူအနေနဲ့ ပါဝင် ကူညီပေးနေပါတယ်။
သူ့ရဲ့ အဓိကတာဝန်တွေထဲက တခုကတော့ ငွေလိမ်ဂိုဏ်းတွေရဲ့ ကျွန်ဇာတ်သွင်းခံရမှု ဘဝကနေ လွတ်မြောက်လာပြီး တရားရုံးမှာ ရာဇဝတ်သားတွေအဖြစ် စွပ်စွဲခံထားရသူတွေကို ဥပဒေရေးရာ အကြံဉာဏ်တွေ ထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံရဲ့ ဗျူရိုကရေစီ သဘောသဘာဝတွေက သူ့ရဲ့ တာဝန်တွေမှာ အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဥပမာအနေနဲ့ ပရမတ်နဲ့ နသာဖန်းတို့နှစ်ဦးဟာ အပြစ်မရှိကြောင်း သက်သေပြနိုင်ဖို့ ကြိုးပမ်းနေတဲ့ အီမန်နျူယယ် ဖောင်ဒေးရှင်းရဲ့ ဆောင်ရွက်ချက်ကို ဖတ်ထရဖုန်းက ထောက်ပြခဲ့ပြီး သူတို့နှစ်ဦးဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အခိုင်အမာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အဲဒီထောက်ခံစာရဖို့အတွက် စစ်ဆေးရေးလုပ်ငန်းစဉ်ကို ကြီးကြပ်နေတဲ့ လူမှုဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနကို ဖတ်ထရဖုန်းက သွားရောက်တောင်းခံခဲ့ရာမှာ အဲဒီစာဟာ သူတို့ဆီမှာ မရှိကြောင်းနဲ့ အခြားအစိုးရ အေဂျင်စီဖြစ်တဲ့ ရာဇဝတ်မှု နှိမ်နင်းရေးဌာနက သိမ်းဆည်းထားတဲ့အကြောင်း သူ့ကို ပြောပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ထောက်ခံစာရဖို့ အဲဒီဌာနကို တောင်းဆိုထားပေမဲ့လည်း အခုချိန်ထိ တစုံတရာ တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
စစ်ကြောရေးလုပ်ငန်းစဉ်မှာ အားနည်းချက်ရှိနေသလား
အီမန်နျူယယ် ဖောင်ဒေးရှင်းက လုပ်ဆောင်နေတဲ့ နောက်ထပ်မစ်ရှင်တခုကတော့ ငွေလိမ်အဖွဲ့တွေ လက်ထဲကနေ ကယ်ထုတ်လာသူတွေအတွက် လက်ရှိဆောင်ရွက်နေတဲ့ စစ်ကြောရေး လုပ်ငန်းစဉ်ကို ပြင်ဆင် မွမ်းမံနိုင်စေဖို့ ဖြစ်ပါတယ်။
လောက်ကိုင်မှာ ပူးတွဲကယ်ထုတ်ရေး ကြိုးပမ်းချက် မဆောင်ရွက်ခင် လပိုင်းအလို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ စစ်ဆေးမေးမြန်းရေး လုပ်ငန်းစဉ်ဟာ ရာဇဝတ်မှု ကျုးလွန်အောင် ဖိအားပေး စေခိုင်းခံရသူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ လူကုန်ကူးမှု၊ လိမ်လည်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ဖြစ်ပါတယ်။
စိစစ်မေးမြန်းမှုတွေကိုတော့ ရဲတပ်ဖွဲ့၊ တရားရေး၊ အလုပ်သမားရေး၊ ပြည်ထဲရေးနဲ့ လူမှုဖွံ့ဖြိုးရေး စတဲ့ ဝန်ကြီးဌာနတွေ အပါအဝင် အေဂျင်စီမျိုးစုံက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့က ဆောင်ရွက်ရပါတယ်။
ငွေကြေးလိမ်လည်မှု ဒါမှမဟုတ် လူကုန်ကူးမှုတွေမှာ ပူးပေါင်းကြံစည်သူတွေကို ဖော်ထုတ်တွေ့ရှိပါက တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေထံကို လွှဲအပ်ပြီး လူလိမ်တွေရဲ့ သားကောင် ဖြစ်ခဲ့ရသူတွေကိုတော့ ဘေးကင်းလုံခြုံရာမှာ နေရာချထားပေးဖို့၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ကုစားမှု၊ အကြံဉာဏ် ပေးအပ်မှုတွေအပြင် သူတို့ခံစားခဲ့ရတဲ့ အတိဒုက္ခတွေအတွက် လျော်ကြေးထောက်ပံ့ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မေးခွန်းတွေကို ထိထိရောက်ရောက် ဖြေဆိုနိုင်ဖို့ အသင့်မဖြစ်သေးသူတွေ၊ လောလောလတ်လတ် စိတ်ဒဏ်ရာ မကျက်သေးသူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့အခါမှာ စစ်ကြောရေးလုပ်ငန်းစဉ်ဟာ လူလိမ်တွေရဲ့ သားကောင် ဖြစ်နိုင်သူတွေအတွက် ပိုမို အခက်တွေ့စေပြီး စာနာစိတ်ကင်းမဲ့သလို ဖြစ်နေတယ်လို့ ဖတ်ထရဖုန်းက ပြောပါတယ်။
နောက်ပြီး လူကုန်ကူးမှုအရေးကိစ္စတွေမှာ သာမန်လုံခြုံရေး အရာရှိတွေ၊ ပြည်သူ့ဝန်ထမ်းတွေထက် ပိုမို နားလည်တတ်ကျွမ်းတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် ကူညီထောက်ပံ့ရေးအဖွဲ့တွေကို စစ်ဆေးမေးမြန်းမှုတွေမှာ ပါဝင်ခွင့်မပြုတဲ့ အချက်ကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
ဒါကြောင့် အထူးစုံစမ်းစစ်ဆေးရေးဌာနရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ အဆင့်မြင့်တာဝန်ရှိသူအနေနဲ့ စစ်ကြောရေး လုပ်ငန်းစဉ်ကို ပြင်ဆင်မွမ်းမံသွားဖို့ လိုအပ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။
ရဲအရာရှိ ဗိုလ်မှူး ဆီရိဝစ် ကျန်တေချဆစ်ထိကွန်းက “စစ်ဆေးရေး လုပ်ငန်းစဉ်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာက အေဂျင်စီတွေ ဖောင်းပွနေတဲ့အချက် ဖြစ်နိုင်ပြီး ဒီပြဿနာက ရှိနေဆဲပဲ” လို့ ပြောပါတယ်။
လောက်ကိုင်မှာ လုပ်ဆောင်ခဲ့တဲ့ ကယ်ဆယ်ရေးမစ်ရှင်ကိုပဲ ဥပမာထား ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံသား အယောက် ၂၀၀ ကို တနေရာတည်းကနေပဲ ကယ်ထုတ်လာခဲ့ပေမဲ့ သူတို့တွေဟာ မတူညီတဲ့ အဖွဲ့အသီးသီးရဲ့ စစ်ဆေးမှုတွေ ခံယူခဲ့ရသလို စစ်ဆေးမေးမြန်းမှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူတွေကလည်း သူတို့ရဲ့ တွေ့ရှိချက်တွေကို တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုး မရှိဘူးလို့ ရဲအရာရှိက ပြောပါတယ်။
အကျိုးဆက်အနေနဲ့ ပြည်နယ်တခုက စစ်ဆေးရေးအဖွဲ့က တစုံတယောက်ကို လူကုန်ကူးခံရသူလို့ သတ်မှတ်ပေမဲ့ အခြားပြည်နယ်တခုက စုံစမ်းစစ်ဆေးရေးအဖွဲ့က အဲဒီလူကိုပဲ လူကုန်ကူးမှု ကျူးလွန်သူအနေနဲ့ တရားစွဲချင် စွဲနေတာမျိုး ဖြစ်ပါတယ်။
“စစ်ဆေးရေး လုပ်ငန်းစဉ်ဟာ ဒီထက်မက ပိုမိုပေါင်းစည်းဖို့ လိုအပ်ပါတယ်။ တကယ်လို့ မတူညီတဲ့ အေဂျင်စီတွေနဲ့ အလုပ်တွဲ လုပ်ချင်တယ်ဆိုရင်လည်း သီးခြားစီ ကွဲထွက်နေတာမျိုး မဟုတ်ဘဲ ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ခက်တာက ကိုယ့်ဌာန အနေနဲ့ကလည်း လက်ရှိ ရှိနေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိမနေဘူး” လို့ ရဲအရာရှိ ဆီရိဝစ်က သူ့ရဲ့ဆန္ဒကို ပြောပြပါတယ်။
ပရမတ်နဲ့ နသာဖန်းတို့ နှစ်ဦးအပေါ် တရားစွဲဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ချင်းရိုင်မြို့မရဲစခန်းကို Hardstories သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာတော့ စစ်ဆေးရေးလုပ်ငန်းစဉ်မှာ တိကျပြတ်သားတဲ့ လုပ်ငန်းသဘောတရားတွေ ကင်းမဲ့နေတယ် ဆိုတာ ပိုမိုသိသာ ပေါ်လွင်စေခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက လူကုန်ကူးခံရသူတွေအဖြစ် အတည်ပြုထားတာတောင် သူတို့နှစ်ဦးကို ချင်းရိုင်ရဲတပ်ဖွဲ့က ဘာကြောင့် ဖမ်းဆီးခဲ့တာလဲလို့ သတင်းဌာနက မေးမြန်းခဲ့ရာမှာ ချင်းရိုင်မြို့မ စခန်းမှူးက သူတို့ဌာနအနေနဲ့ ဘာမှ သိရှိထားခြင်းမရှိဘဲ သူတို့နှစ်ဦးကို ချင်းရိုင်မှာရှိတဲ့ တခြား ရဲတပ်ဖွဲ့အေဂျင်စီတခုက တရားစွဲဆိုခဲ့တာလို့ ပြန်လည် ဖြေကြားခဲ့တာပါ။
ရွေးချယ်စရာ ဗလာနတ္ထိ
နိုင်ငံမဲ့သူ ဆုမ်ဘွန်းပန်ထကစ်နဲ့ သူ့ရဲ့ မြန်မာဇနီးသည် နန်းဟွန်နွန်းတို့ မောင်နှံဟာ ချင်းရိုင်ပြည်နယ်၊ မဲ့ဆိုင်ခရိုင်မှာရှိတဲ့ ပျက်စီးယိုယွင်းနေပြီး လျှပ်စစ်မီးမရှိ၊ ရေမရှိတဲ့ ခြံစောင့်တဲလေးထဲမှာ နေထိုင်ရင်း သူတို့ရဲ့ စားဝတ်နေရေးနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးအတွက် အောက်ခြေအလုပ်မှန်သမျှ လုပ်ကိုင်ကာ အသက်မွေးကြလျက် ရှိပါတယ်။
သူတို့ဇနီးမောင်နှံဟာလည်း နယ်စပ်မှာ လူကုန်ကူးခံခဲ့ရသူတွေဖြစ်ပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ကုစားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။
ဆုမ်ဘွန်းနဲ့ နန်းတို့ဟာ နှစ်ယောက်စလုံး အလုပ်လက်မဲ့ ဖြစ်နေကြတဲ့အပြင် မီးဖွားစရိတ် အတွက် ပိုက်ဆံစုဖို့ ကြံရာမရ ဖြစ်နေတဲ့အချိန် ၂၀၂၃ ခုနှစ်မှာ Facebook မှာ အတုအယောင် အလုပ်ကြော်ငြာကို လျှောက်မိပြီး လူလိမ်တွေရဲ့ လှည့်ဖြားခြင်းကို ခံခဲ့ကြရတာပါ။
လားဟူတိုင်းရင်းသား လူမျိုးဖြစ်တဲ့ ဆုမ်ဘွန်းဟာ အရင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်ခဲ့ပေမဲ့ အလုပ်ရှင်က သူ့ရဲ့လစာကို လိမ်သွားတဲ့အတွက် အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီနောက် ချင်းရိုင်မှာ အလုပ်ရှာတဲ့ စာကို Facebook group တခုမှာ တင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂျက်လို့ခေါ်တဲ့ လူတယောက်က သူ့ကို ဆက်သွယ်လာပြီး Facebook page တခုမှာ Admin အနေနဲ့ သူနဲ့အတူတွဲလုပ်ဖို့ ကမ်းလှမ်းလာခဲ့တာကြောင့် ၂ ရက်ကြာ ပြောဆိုပြီးတဲ့နောက် အဲဒီအလုပ်ကိုလုပ်ဖို့ သဘောတူလိုက်ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ လူကုန်ကူးသူတွေဟာ သူတို့စုံတွဲအား လောက်ကိုင်ကို ပို့ဆောင်ခဲ့ပြီး အဲဒီအချိန်မှာ ဇနီးသည် နန်းရဲ့ ကိုယ်ဝန်ဟာ ၆ လ ရှိနေပြီ ဖြစ်ပါတယ်။ ငွေလိမ်လုပ်ငန်း စင်တာတွေမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို တရုတ်ထောင်မှူးတွေက အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းတဲ့အကြောင်း အခြား အမျိုးသမီးတွေထံကနေ ပြန်ကြားရတဲ့အတွက် နန်းဟာ အင်္ကျီအပွကြီးတွေဝတ်ပြီး သူ့ရဲ့ကိုယ်ဝန်ကို ဖုံးကွယ်ခဲ့ရကြောင်း၊ သူကိုယ်ဝန်ရှိနေတာ သိသွားမှာကို အမြဲစိုးရိမ် ကြောက်ရွံ့ခဲ့ရကြောင်း နန်းက ပြောပါတယ်။
နန်းနဲ့ ခင်ပွန်းသည်တို့ဟာ အီမန်နျူယယ် ဖောင်ဒေးရှင်းကို အကူအညီတောင်းခံနိုင်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ဖောင်ဒေးရှင်းရဲ့ ငွေကြေးကူညီထောက်ပံ့မှုနဲ့ပဲ နိုဝင်ဘာလကုန်လောက်မှာ ထိုင်းနိုင်ငံကို ပြန်လာနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
“အိမ်ပြန်လာချိန်မှာ မိဘတွေနဲ့ တွေ့ရဖို့ပဲ စိတ်က လောနေတာ။ မိဘတွေကလည်း ကိုယ့်ကို မြင်တာနဲ့ ငိုကြပါလေရော။ အဲဒီအချိန်ကတည်းက ဝေးဝေးသွားလုပ်ရမယ့် အလုပ်တွေဆို ဘယ်တော့မှ မလုပ်ရဲတော့ဘူး” လို့ နန်းက ပြောပါတယ်။
ဆုမ်ဘွန်းနဲ့ နန်းတို့ကို လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးရေးအဖွဲ့က သတ်မှတ်ခဲ့ပေမဲ့ လျော်ကြေးငွေမပြောနဲ့ အပြန်ဘတ်စ်ကားခတောင် မရဘူးလို့ ဆိုပါတယ်။ အခုအခါမှာတော့ သူတို့ဇနီးမောင်နှံဟာ တရက်ကို ဘတ် ၂၈၀ သာ ရရှိတဲ့ အမှိုက်အမျိုးအစားခွဲရေး အလုပ်သမားတွေအဖြစ် လုပ်ကိုင်နေပြီး နိုင်ငံတော်က သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်အားခနှုန်းထားထက် လျော့နည်းတဲ့ ဝင်ငွေလေးနဲ့ နေထိုင် စားသောက်ကြလျက် ရှိပါတယ်။
ဆုမ်ဘွန်းက “ကျနော်က ပြင်းပြင်းထန်ထန် နှိပ်စက်တာတွေ မခံရတဲ့အတွက် အနည်းဆုံးတော့ ကံကောင်းတယ်လို့ ပြောရမယ်။ ကျနော်နဲ့သိတဲ့ သူငယ်ချင်းတယောက်ရဲ့ ညီမဖြစ်သူဆို လိင်ကျွန်အနေနဲ့ တခြား လူကုန်ကူးတဲ့အဖွဲ့ဆီကို ရောင်းစားတာ ခံလိုက်ရတာ။ သူ့ကို တခါမှ ထပ်မတွေ့ရတော့ဘူး” လို့ ပြောပါတယ်။
ငွေကြေးဆင်းရဲချို့တဲ့မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ မိသားစုကို ထောက်ပံ့နိုင်ရေး ဖိအားတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေဟာ လူကုန်ကူးသူတွေရဲ့ ထောင်ချောက်ထဲကို ကျရောက်စေနိုင်တဲ့ အချက်တွေ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
လောက်ကိုင်မှာရှိတဲ့ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပရမတ်ရဲ့ ဖြစ်ရပ်ကိုပဲ ကြည့်မယ်ဆိုရင် မုန်းလူမျိုးစုတိုင်းရင်းသားတဦးဖြစ်တဲ့ ပရမတ်ဟာ လာအိုနယ်စပ်အနီး တောင်တန်းတွေ ထူထပ်ရာ ဝေးလံခေါင်သီတဲ့ နန်ခရိုင်မှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှု တံဆိပ်ကပ်ခံထားရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရပေမဲ့ ပရမတ်ဟာ ပညာတတ် ဘွဲ့ရတယောက် ဖြစ်သလို သူ့ရဲ့ တရုတ်ဘာသာစကား ကျွမ်းကျင်မှုကြောင့် မကြာသေးခင်ကလည်း တရုတ်နိုင်ငံက တက္ကသိုလ်တခုမှာ မဟာဘွဲ့အတွက် ပညာသင်ဆု ရရှိထားသူပါ။ ဒါပေမဲ့လည်း ပရမတ်ဟာ အဆင့်မြင့်ပညာရေးကို မတက်လှမ်းခင်မှာပဲ လူကုန်ကူးခံလိုက်ရတာ ဖြစ်ပါတယ်။
ပရမတ်ရဲ့ မိခင်ဖြစ်သူ မိုကစ်သီလတ်က “ကျမသားဟာ လူလိမ်တွေရဲ့ လှည့်စားတာကို ခံခဲ့ရတာပါ။ ရိုက်နှက်ခံရလို့ သူ့လက်တွေမှာလည်း ဒဏ်ရာတွေနဲ့ပါ။ အိမ်ပြန်ရောက်လို့မှ မကြာသေးဘူး သူ့ကိုဖမ်းပြီး ကျမ ရင်ခွင်ထဲကနေ ထပ်ပြီး ဆွဲထုတ်သွားကြပြန်တယ်” လို့ ပြောပါတယ်။
အခြား ရွေးချယ်စရာ မရှိတဲ့ဘဝမှာ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ မိုဟာ သားဖြစ်သူ တကျော့ပြန် လွတ်မြောက်ရေးအတွက် သူ့တသက်လုံး ခြွေတာ စုဆောင်းထားသမျှ ပိုက်ဆံ ဘတ် ၁၀၀,၀၀၀ နဲ့ ရှေ့နေငှားရမ်းခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေအကျိုးဆောင် ကုမ္ပဏီကို နောက်ထပ်ပေးဖို့ ကျန်နေတဲ့ ဘတ် ၁၅၀,၀၀၀ ရှာနိုင်ဖို့အတွက် ဖြစ်သလို နေထိုင်စားသောက်ပြီး ချင်းတက်နဲ့ အခြား အသီးအရွက်လေးတွေ စိုက်ပျိုးထားတဲ့ သူ့ရဲ့ လယ်ကွင်းထဲမှာပဲ အချိန်တွေ ကုန်ဆုံးစေခဲ့ပါတယ်။
အခြား ဘယ်အစိုးရအေဂျင်စီကမှ အခမဲ့ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ ဥပဒေကြောင်းအရ ကာကွယ်ပေးတာ မရှိသလို အီမန်နျူယယ် ဖောင်ဒေးရှင်းကလည်း ရှေ့နေငှားရမ်းခအတွက် ငွေကြေးထောက်ပံ့ပေးနိုင်တာ မရှိဘူးလို့ မိုရဲ့ မိသားစုက ပြောပါတယ်။
“သား ပြန်လွတ်လာဖို့ မျှော်လင့်ရတာ မအေတယောက်အတွက် ပင်ပန်းလွန်းလှပါတယ်။ နှလုံးသားတွေလည်း ကွဲကြေနေပြီ” လို့ မိုက ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်
ထိုင်း-မြန်မာနယ်စပ်ကို စည်းခြားထားတဲ့ သောင်ရင်းမြစ်ရဲ့ မြန်မာဘက်ခြမ်းမှာ ရှင်းရှင်းလင်းလင်း လှမ်းမြင်ရနိုင်တဲ့ အဆောက်အအုံတွေဟာ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းတွေ လုပ်ဆောင်ရာ ခြံဝင်းတွေ ဖြစ်တဲ့အကြောင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တခုမှာ လုပ်ကိုင်နေတဲ့ မီရှဲလ်မိုးက မြစ်ဘေးတလျှောက် ကားမောင်းရင်း သတင်းထောက် တယောက်ကို ရှင်းပြခဲ့ပါတယ်။
မိုးဟာ Global Alms Incorporated လို့ခေါ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး NGO အဖွဲ့မှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောပြချက်အရ ဩဇာအာဏာရှိတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေက ငွေကြေးထောက်ပံ့ ပေးထားတဲ့ ငွေလိမ်လုပ်ငန်းတွေဟာ သောင်ရင်းမြစ်ကူး သီးသန့်ကူးတို့ယာဉ် ဝန်ဆောင်မှုတွေရှိရာ နေရာအနီးမှာ အများအားဖြင့် တည်ရှိပြီး ဒေသခံနယ်စပ်အာဏာပိုင်တွေ သတိမပြုမိတဲ့ လမ်းကြောင်းတွေကနေ နယ်စပ် ဖြတ်ကျော်မှုတွေကို အများဆုံး လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီအဆောက်အအုံတွေမှာ နိုင်ငံပေါင်းစုံမှ ကျွန်ပြုခံထားရတဲ့ လုပ်သားတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံ တနိုင်ငံတည်းမှာပင် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၆၀ ကျော်မှ လူပေါင်း ၁၂၀,၀၀၀ ကျော်ဟာ အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အဓမ္မစေခိုင်းခံနေရပြီး ကမ္ဘောဒီးယားနိုင်ငံမှာလည်း အလားတူ စေခိုင်းခံရသူဦးရေဟာ ၁၀၀,၀၀၀ ကျော်လောက် ရှိနိုင်တယ်လို့ သိရပါတယ်။
အာရှနဲ့ အာဖရိကက ပြည်သူတွေဟာ သူတို့နိုင်ငံတွေမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် ပိုက်ဆံရှာနိုင်ဖို့ ပိုကောင်းတဲ့ နိုင်ငံတွေကို သွားရောက် လုပ်ကိုင်ကြလေ့ရှိပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပြီးနောက်ပိုင်း ခရီးသွားလာမှုတွေ ပြန်ဖွင့်တဲ့အချိန်မှာ အလုပ်ရှာတဲ့သူတွေ ပိုများလာခဲ့တယ်လို့ မိုးက ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်ကလည်း သူ့ရဲ့ အဖွဲ့အစည်းအနေနဲ့ ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်အခြေစိုက် နိုင်ငံတကာစာသင်ကျောင်းတခုမှာ အလုပ်ရမယ်လို့ အလိမ်ခံခဲ့ရတဲ့ နိုင်ငံခြားသားတဦးကို လွတ်မြောက်အောင် ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
မီရှဲလ်မိုးက “လူကုန်ကူးခံရသူ အများစုဟာ စိတ်ဒဏ်ရာတွေကြောင့် ကောင်းမွန်တဲ့ဘဝကို တော်ရုံနဲ့ ပြန်မရနိုင်ကြပါဘူး။ တချို့က တရားစွဲမှုတွေနဲ့ ရင်ဆိုင်ရသလို တချို့ကတော့ မိသားစုကို ဆုံးရှုံးကြရတယ်။ တချို့ဆို ဘဝမှာ ဖက်တွယ်စရာ ဘာတခုမှကို မကျန်တော့တာ” လို့ ပြောပါတယ်။
ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ဖိအားပေး စေခိုင်းခံရသူအများစုဟာ အသက် ၂၀ နဲ့ ၃၅ နှစ်ကြားဖြစ်ပြီး အင်္ဂလိပ်စာ ဒါမှမဟုတ် တရုတ်စာ ကျွမ်းကျင်သူတွေ ဖြစ်လေ့ရှိပြီးတော့ လူကုန်ကူးခံရမှုနဲ့ အဓမ္မကျွန်ပြု စေခိုင်းခံရမှု ပြဿနာဟာ အရှေ့တောင်အာရှ ပြင်ပနိုင်ငံတွေ အထိပါ ကူးစက်ပျံ့နှံ့လာလျက် ရှိနေတယ်လို့ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM ဘန်ကောက်ရုံးခွဲ အကြီးအကဲ ဆတ်စကီရာကွတ်က ပြောပါတယ်။
၂၀၂၂ ခုနှစ်ကစပြီး အရှေ့တောင်အာရှရှိ ငွေလိမ်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို ကယ်ဆယ်ခဲ့ရပြီး အဲဒီထဲက အများစုဟာ လူကုန်ကူးမှု၊ လိမ်လည်မှု၊ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ ဥပဒေချိုးဖောက်မှု စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေကြရဆဲပဲလို့ သူက ထပ်ပြီး ပြောပါတယ်။
လွတ်လပ်မှုအတွက် ထပ်မံ တိုက်ပွဲဝင်ရပြန်
ဆိုက်ဘာလိမ်လည်မှုတွေအတွက် ထိုင်းနိုင်ငံသားတွေကို ဆက်လက် ပစ်မှတ်ထားနေချိန်မှာ အွန်လိုင်း ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေး နည်းပညာကုမ္ပဏီတခုရဲ့ အစီရင်ခံစာတစောင် ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ငွေကြေးလိမ်လည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုနဲ့ စာတိုပေးပို့မှု အကြိမ်အရေအတွက်ဟာ ၇၉ သန်းအထိ ရှိခဲ့တာကို ကုမ္ပဏီအနေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ horse account လို့လူသိများတဲ့ ဆိုက်ဘာ လိမ်လည်ရေးအဖွဲ့တွေ အသုံးပြုနေတဲ့ ဘဏ်အကောင့်တွေကို ရှင်းလင်းအရေးယူတာ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကို ပိုမိုတင်းကျပ်တာ၊ ဘဏ်တွေအနေနဲ့ ဘဏ်အကောင့်ဆိုင်ရာ လုံခြုံရေးကို မြှင့်တင်တာ၊ ငွေလိမ်အဖွဲ့တွေ အသုံးပြုနေတဲ့ လှည့်ကွက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးတာ စတဲ့အချက်တွေ ဆောင်ရွက်သွားဖို့လည်း အစီရင်ခံထဲမှာ အစိုးရကို တောင်းဆိုထားပါတယ်။
အရင်ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က သူ့အစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ် စတဲ့ နိုင်ငံ ၅ နိုင်ငံပါဝင်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုကိစ္စကို အဓိကထား ဆွေးနွေးသွားမယ့်အကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကပ်ဆိုးတခုလို ဒုက္ခပေးနေတဲ့ ဆိုက်ဘာရာဇဝတ်မှုအရေးကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ဆိုရင် အားနည်းချက်တွေ ရှိနေတဲ့ စစ်ဆေးမေးမြန်းရေး လုပ်ငန်းစဉ်ကို ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်သလို လူကုန်ကူးမှု ကျူးလွန်သူတွေလက်ကနေ လွတ်မြောက်လာသူတွေကို ရာဇဝတ်သားအဖြစ် ခေါင်းစဉ်တပ်တာတွေ အဆုံးသတ်သွားဖို့ လိုအပ်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အီမန်နျူယယ် ဖောင်ဒေးရှင်းက ပြောပါတယ်။
လူလိမ်တွေရဲ့ သားကောင် ဖြစ်ခဲ့ရသူအများစုဟာ တရားဥပဒေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီ ဆိုတာနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံရနိုင်တဲ့ စွဲချက်တွေကြောင့် အာမခံနဲ့လွတ်နိုင်တဲ့ အခွင့်အလမ်းလည်း နည်းပါးသလို တရားရုံးမှာ ကြားနာစစ်ဆေးချိန် ကာလမှာလည်း ထောင်ထဲမှာသာ အပိတ်ခံထားရတာ ဖြစ်ပါတယ်။
အီမန်နျူယယ် ဖောင်ဒေးရှင်း ပူးတွဲတည်ထောင်သူ ကျာရုဝပ်က “ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုကိစ္စကို တိုက်ရိုက် တာဝန်ယူထားတဲ့ အစိုးရအေဂျင်စီရယ်လို့ အခုချိန်ထိ မရှိသေးပါဘူး။ ဒါက လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးနဲ့ ကိုင်တွယ်ဖြေရှင်းရေးမှာ အောင်မြင်မှုရဖို့ အလှမ်းဝေးနေသေးတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်” လို့ ပြောပါတယ်။
ငွေလိမ်အဖွဲ့တွေရဲ့ လုပ်ငန်းလည်ပတ် ဆောင်ရွက်ပုံကို စုံစမ်းစစ်ဆေးသူတွေ ကောင်းကောင်း နားမလည်တဲ့အချက်က လူလိမ်တွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအပေါ် ထင်မြင်ယူဆချက် လွဲမှားတာတွေ ဖြစ်စေနိုင်တယ်လို့ ဘဝတူ လူကုန်ကူးခံရသူတွေအရေး လိုက်ပါကူညီပေးနေတဲ့ ဖတ်ထရဖုန်းက ပြောပါတယ်။
ဖတ်ထရဖုန်းက “ပရမတ်နဲ့ နသာဖန်းတို့ဟာ တခြားသူတွေထက် တရုတ်သူဌေးတွေနဲ့ ပိုမို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်ဆိုပြီး ရဲတွေက သူတို့ကို ဖမ်းတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ပရမတ်ဟာ ကျနော်တို့အားလုံး လွတ်မြောက်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ စာတိုတွေပို့ပြီး အကူအညီရဖို့ အမြဲကြိုးစားနေခဲ့သူပါ။ လောက်ကိုင်လို နေရာမျိုးမှာ ဘယ်သူမှ ရှိမနေချင်ပါဘူး။ အားလုံးဟာ တနည်းမဟုတ် တနည်းနည်းနဲ့ အပြစ်ပေး ရိုက်နှက်တာ ခံရတာချည်းပါပဲ။ ပိုက်ဆံလိုချင်လို့ ငွေလိမ်အဖွဲ့တွေမှာ ကိုယ့်သဘောနဲ့ကိုယ် လုပ်နေသူတွေလည်း အနည်းအကျဉ်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ လှည့်စားတာ ခံလိုက်ရလို့ လုပ်နေရတဲ့သူတွေက ပိုများတယ်” လို့ ဆက်ပြီး ပြောပါတယ်။
နောက်ပြီး တရားမျှတမှုအတွက် ထပ်မံ တိုက်ပွဲဝင်နေကြရတဲ့ လူကုန်ကူးခံရသူတွေရဲ့ အတိဒုက္ခတွေနဲ့ ပတ်သက်ပြီး ဆက်လက်ထုတ်ဖော် ပြောဆိုသွားနိုင်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း အီမန်နျူယယ် ဖောင်ဒေးရှင်းမှာ စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်ကိုင်နေတဲ့ ဖတ်ထရဖုန်းက ပြောပါတယ်။
ဖောင်ဒေးရှင်းအနေနဲ့ ပရမတ်နဲ့ နသာဖန်းတို့ နှစ်ဦးမှာ အပြစ်မရှိကြောင်း အသိသက်သေအဖြစ် ရပ်တည်ထွက်ဆိုပေးဖို့ ကြိုးစားခဲ့ပေမဲ့ တရားသူကြီးက အသိသက်သေတွေ စစ်ဆေးမယ့် နေ့ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ကြားနာမှုအပြီး တရားခံတွေကို တရားရုံးကို အစောင့်အကြပ်တွေနဲ့ ခေါ်ဆောင်လာရာ ထောင်ကားဆီ ပြန်လာချိန်မှာ ပရမတ်က မိခင်ဖြစ်သူကို နှုတ်ဆက်အားပေးစကား ဆိုခဲ့ပြီး နသာဖန်းကတော့ သူ့ရဲ့အမှုကိစ္စကို ဆက်ပြီး လိုက်ပါဆောင်ရွက်ပေးဖို့ ကျာရုဝပ်နဲ့ ဖတ်ထရဖုန်းတို့ကို မေတ္တာရပ်ခံခဲ့ပါတယ်။
“သားအတွက် ဘာမှမပူနဲ့အမေ။ သား ဘာအမှားမှ လုပ်မထားဘူး” လို့ ပရမတ်က လှမ်းပြောရင်း မိခင်ဖြစ်သူရဲ့ မြင်ကွင်းကနေ ဝေးရာကို လိုက်ပါသွားခဲ့ရပါတယ်။
ဆောင်းပါးရှင်- နသာဖုပ် ဆန်ကစ်
ဘာသာပြန်- ရာစုသစ်
Photo: Luke Duggleby/ Hardstories
(Hardstories ဝက်ဆိုက်မှာ ဆောင်းပါးရှင် Nathaphob Sungkate ရေးသားထားသည့် “Scammed, enslaved, arrested: The triple tragedy of Thailand’s cyber scam victims” စုံစမ်းဖော်ထုတ်သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)