လိင်တူချင်းလက်ထပ်ခွင့်ပြုတဲ့ ဥပဒေ အတည်ပြုတဲ့အတွက် ပျော်ပွဲဆင်နွှဲဖို့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့မြို့လယ်မှာ စက်တင်ဘာ ၂၅ ရက်က လူတွေစုရုံးခဲ့ပါတယ်။
အခမ်းအနားမှာ သက်တန့်ရောင် ကင်းဗတ်စကို ပြသထားပြီး ကပြဖျော်ဖြေသူတွေနဲ့ အခမ်းအနား တက်ရောက်လာသူတွေက အဖြူရောင်ကင်းဗတ်စ်ပေါ်မှာ သူတို့ရဲ့ဆန္ဒကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထိုင်းဘုရင်ဟာ အခုနှစ်အစောပိုင်းမှာ လွှတ်တော်က အတည်ပြုခဲ့တဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ တန်းတူညီမျှရေး ဥပဒေကြမ်းကို ထောက်ခံခဲ့ပြီး လိင်တူချစ်သူတွေ လက်ထပ်ခွင့်ကို အသိအမှတ်ပြုတဲ့နေရာမှာ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှမှာ ပထမဆုံးသောနိုင်ငံအဖြစ်နဲ့ အာရှမှာ တတိယနေရာအဖြစ် တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။
တော်ဝင်ထောက်ခံချက်ကို စက်တင်ဘာ ၂၄ ရက် နှောင်းပိုင်းမှာ တရားဝင် တော်ဝင်ဂေဇက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဥပဒေကြမ်းဟာ ရက်ပေါင်း ၁၂၀ အတွင်း ၂၀၂၅ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေရဲ့ ဆယ်စုနှစ် ၂ ခုကြာ ကြိုးပမ်းချက် အထွတ်အထိပ်ဖြစ်တဲ့ အဲဒီဥပဒေကို ဇွန်လမှာ အထက်လွှတ်တော်က အတည်ပြုခဲ့တာပါ။
အာရှရဲ့ ရေပန်းအစားဆုံး ခရီးသွားနေရာတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ LGBT လို့ အတိုကောက်ခေါ်တဲ့ လိင်ဆိုင်ရာ ခံယူချက်ကွဲပြားသူတွေဆိုင်ရာ ယဉ်ကျေးမှုနဲ့ သည်းခံနိုင်မှုတို့ကြောင့် နာမည်ကြီးနေပြီ ဖြစ်ပါတယ်။
Source-Reuters