Home
မြန်မာသတင်း
မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ထိုင်း ၄ နိုင်ငံမှ ကလေးသူငယ် ၆ သန်းခန့် ယာဂီမုန်တိုင်း ဘေးသင့် 
DVB
·
September 19, 2024

မြန်မာ အပါအဝင် ဗီယက်နမ်၊ လာအိုနဲ့ ထိုင်း ဒေသတွင်း ၄ နိုင်ငံက ကလေးသူငယ် ၆ သန်းနီးပါးလောက် အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်းဘေးဒဏ်သင့်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါကလေးငယ်တွေဟာ သောက်သုံး ရေ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ် လို အပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

UNICEF အဖွဲ့ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ ဂျွန် ကွန်နူဂီက “ထိခိုက်လွယ်တဲ့ ကလေးသူငယ်တွေနဲ့ မိသားစုဝင်တွေဟာ တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ ထိခိုက် ပျက်စီးမှု နောက်ဆက်တွဲအကျိုးဆက်ကို အဆိုးဆုံးရင်ဆိုင်နေကြရတာပါ။ သူတို့အတွက် သောက်သုံးရေ၊ ပညာရေးနဲ့ ကျန်မာရေး ပြုစုစောင့်ရှောက်မှု အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို အမြန်ဆုံးပြန်လည်ရရှိအောင် ဦးစားပေးဆောင်ရွက်ရပါမယ်” လို့ ပြောပါတယ်။

အာရှဒေသကို ဝင်ရောက်ခဲ့တဲ့ အခုနှစ်ရဲ့ အပြင်းထန်ဆုံး မုန်တိုင်းလို့ ဆိုနိုင်တဲ့ တိုင်ဖွန်း ယာဂီကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် စာသင်ကျောင်းပေါင်း ၈၅၀ ကျော်နဲ့ ကျန်းမာရေးစင်တာ ၅၅၀ ကျော် ထိခိုက် ပျက်စီးခဲ့ကာ ဗီယက်နမ်နိုင်ငံက အများဆုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း UNICEF အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းမှုနဲ့အတူ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေနဲ့ တိုင်ဖွန်း ယာဂီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကိုလည်း ပိုမိုဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ လမ်းပန်း၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား၊ အခြေခံအဆောက်အအုံတွေလည်း  ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့သလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်အရ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၆ သိန်းကျော်အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှု ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ အသီးသီးက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013