Home
မြန်မာသတင်း
စစ်ကောင်စီက စာအုပ်သက်တမ်းတိုးမပေးသဖြင့် ထိုင်းရောက်မြန်မာကျောင်းသားများ အခက်ကြုံ
DVB
·
September 18, 2024

ထိုင်းနိုင်ငံမှာ PE ပတ်စပို့ ကိုင်ဆောင်သူတွေကို ကာလတိုသင်တန်းတွေ တက်ရောက်ရင် စာအုပ် သက်တမ်း မတိုးပေးဘူးလို့ စစ်ကောင်စီကြေညာချက်က ထိုင်းရောက် မြန်မာကျောင်းသား လူငယ် တွေရဲ့ တရားဝင်နေထိုင်မှုမှာ အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် စိုးရိမ်ပူပန်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ PE (Passport for education) ကိုင်ဆောင်ပြီး ကာလတို ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ တက်ရောက်နေသူ အလွန်များပြားလာတဲ့အတွက် တနှစ်ဗီဇာ- ကာလတိုသင်တန်း တက်ရောက်နေသူတွေကို ဘန်ကောက်က မြန်မာသံရုံးနဲ့ ချင်းမိုင်က ကောင်စစ်ဝန်ရုံးတွေကနေ  ပတ်စပို့စာအုပ်သက်တမ်း မတိုးပေးတော့ဘူးလို့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

အခုလိုကြေညာချက်က ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကျောင်းသားလူငယ်တွေရဲ့ တရားဝင် နေထိုင်မှုကို ခက်ခဲလာစေတယ်လို့ မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ပါဝင်နေတဲ့ ဆရာ တယောက်က ပြောပါတယ်၊

“အားလုံးသိကြတဲ့အတိုင်းပဲ စကစက ပြည်သူတွေအပေါ်မှာ တင်းကျပ်မှုတွေကို ညစ်တွန်းတွန်းပြီး နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေခဲ့တယ်။ နောက်ပြီးတော့ ကျောင်းသားအရွယ် လူငယ်တွေကိုလည်း ပြည်ပထွက်ခွာမှုကို ကန့်သတ်ချက်တွေ အမျိုးမျိုး ထုတ်ပြီးတော့ နိုင်ငံပြင်ပကိုထွက်လို့မရအောင် တားဆီးတယ်။ အခုတခါ ဆိုးတာက ဒီဘက်ကိုရောက်နေပြီသား လူငယ်တွေကို နေခွင့်ထိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဒုက္ခအကြီးကြီးပေးလိုက်တာပေါ့။ ထိုင်းနိုင်ငံမှာ တရားဝင်နေတာက ဗီဇာ လိုတာကိုး၊ အလွယ်ဆုံးဖြေရှင်းနည်းကတော့ ထိုင်းဘာသာစကားသင်တန်းမျိုးတွေကို တက်ပြီးတော့ ကာလတို တနှစ် သင်တန်းလိုဟာမျိုးတွေ အပ်ပြီးတော့ နေကြတယ်။ အခုကျ အဲဒီလို လူငယ်တွေ ပတ်စပို့ သက်တမ်းတိုးမရအောင် သူတို့ လုပ်လိုက်တဲ့ အခါကျတော့ ရှေ့လျောက်မှာ နေထိုင်ခွင့်အတွက် အများကြီး အကြီအကျယ်ဒုက္ခရောက်အောင် လုပ်လိုက်တာပေါ့။ အဲဒီအကျိုးဆက်က ဘာတွေဖြစ်နိုင်မလဲဆိုတာကို ကျနော်တို့ကိုယ်တိုင်လည်း မခန့်မှန်းတက်လောက်အောင်ပါပဲ။”

လက်ရှိ ထိုင်းနိုင်ငံမှာ တက္ကသိုလ်တက်ရောက်နေပေမဲ့ Non-Ed visa တွေကို တင်းကျပ် လိုက်တဲ့အပေါ် စိတ်ပူပန်ကြောင်းနဲ့ ထပ်တိုးစည်းကမ်းက အဆင်မပြေဘူးလို့ PE ကိုင်ဆောင်သူ ကျောင်းသား တယောက်က ပြောပါတယ်၊

“အခုက PE ကိုင်ထားထား၊ PV ကိုင်ထားထား၊ ကာလတို Virtual format တွေ အတွက် သက်တမ်း မတိုးပေးတော့ဘူးဆိုတာ သိထားပါတယ်။ ကိုယ်တိုင်က ယူနီတက်နေတဲ့ လူဆိုတော့ သက်တမ်းကလည်း ရှိနေသေးတဲ့အတွက် ကြီးကြီးမားမားစိုးရိမ်တာမျိုးတော့ မရှိပါဘူး။  တခြား သူငယ်ချင်းတွေအတွက်ကတော့ အဆင်မပြေတာတွေ ရှိတယ်။ အဓိကအကြောင်းကတော့ ​မြန်မာနိုင်ငံ ပြန်ပြီး ပြန်ထွက်ဖို့ အဆင်မပြေတာတွေ ကြားရတဲ့အတွက် စိတ်ပူပန်နေကြတာကို သိရပါတယ်။ အခုလို ထပ်တိုး စည်းမျဥ်းတွေ ချတဲ့အပေါ်တော့ တော်တော်လေး အဆင်မပြေ ဖြစ်ရပါတယ်။”

ဗီဇာဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကတော့ ထိုင်းနိုင်ငံက ဗီဇာကိစ္စရပ်တွေမှာ ထိန်းချုပ်တာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံကသာ ပတ်စပို့စာအုပ်သက်တမ်းတိုးပေးမယ့် ကိစ္စတွေကို တင်းကျပ်တာလို့ ပြောပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ စာအုပ်သက်တမ်း ကျန်ရှိနေဦးမယ်ဆိုရင် ပုံမှန် အတိုင်း ဗီဇာ သက်တမ်းတိုးနိုင်မှာလည်းဖြစ်ပါတယ်၊

လတ်တလောမှာတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက လေဆိပ်မှာ PV. PJ အပါအဝင် ပြည်ပ ထွက်မယ့် လူငယ်တွေကို တင်းကျပ်စစ်ဆေးမှုတွေ ပိုလုပ်နေပြီး ပြည်ပထွက်ခွာမှုကို အကြောင်းပြချက်မရှိ ပိတ်သိမ်းတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ကာယကံရှင်တွေဆီ က သိရပါတယ်၊ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013