Home
မြန်မာသတင်း
လွိုင်ကော်တွင် တအိမ်တယောက် မဖြစ်မနေ မဲထည့်ရန် လိုက်လံနှိုးဆော်
DVB
·
October 2, 2025

ကရင်နီ (ကယား)ပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မှာ ရွေးကောက်ပွဲအတွက်    တအိမ်တယောက် မဖြစ်မနေ မဲထည့်ဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လိုက်လံနှိုးဆော်နေပါတယ်။  

လာမယ့် ဒီဇင်ဘာ ၂၈ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁)  ကို  ကရင်နီပြည်နယ်က မြို့တော်လွိုင်ကော်နဲ့ ဘောလခဲမြို့မှာကျင်းပဖို့ စစ်တပ်ဘက်က ပြင်ဆင်နေတာပါ။ 

ဒါကြောင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ တအိတ်တယောက်စီ မဖြစ်မနေမဲထည့်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက  အစည်းအဝေးခေါ် သတိပေးထားတယ်လို့ မြို့ခံတွေက  ပြောပါတယ်။

လက်ရှိ ဘီလူချောင်းရေတက်လာလို့ ရပ်ကွက် (၈) ခုထက်မနည်း ရေမြုပ်နေပေမဲ့ ရေဘေးထက် မဲစာရင်းလာစစ်ဖို့ကိုသာ ကားတွေနဲ့ ပတ်ပြီးနှိုးဆော်နေတယ်လို့ ဓမ္မာရုံရပ်ကွက်က ဒေသခံတယောက်က  ပြောပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက  အိမ်ထောင်စုစာရင်းတွေကို ပြီးခဲ့တဲ့လက လိုက်လံ ကောက်ခံထားပြီး မဲမထည့်ရင် ဥပဒေအရအရေးယူမယ်လို့  ဆိုပါတယ်။ 

ရပ်ကွက်နေပြည်သူတယောက်က “ပြီးခဲ့တဲ့လက ရပ်ကွက်ဥက္ကဋ္ဌကနေပြီး တအိတ်တယောက် အစည်းအဝေးခေါ်တယ်။ မဖြစ်မနေမဲထည့်ဖို့ ပြောတယ်။ ရပ်ကွက်ထဲမှာတော့ မဲမထည့်ရင် ခေါ်စစ်ဆေးမယ် ဘာညာတော့ ပြောနေကြတာပေါ့။ နောက် ဒီမနက်ပဲမဲစာရင်းလာကြည့်ဖို့ ကားနဲ့မြို့ထဲမှာ ပတ်အော်နေပြီ။ ဒီမှာနေတဲ့သူအများစုကတော့ မဲထည့်မလားမထည့်ဘူးလား ဆိုတာထက် နှစ်ဖက်ကြားညှပ်မှာပဲကြောက်နေကြတယ်။ မဲပေးပွဲမတိုင်ခင်တိုက်ပွဲတွေ ပြန်ဖြစ်လာမှာဆိုပြီး”လို့ ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ အခုလိုမဲထည့်ဖို့ လိုက်လံတိုက်တွန်းနေတာတွေရှိသလို ညဘက်တွေမှာ လူငယ်တွေ အဖမ်းခံရပြီး ပိုက်ဆံနဲ့လိုက်ရွေးရတဲ့ဖြစ်ရပ်တွေ အဖြစ်များလာတဲ့အတွက် မြို့ခံတွေက စိုးရိမ်နေကြပါတယ်။

မဲဆွယ်နေကြပေမဲ့ ပြည်သူ့လုံခြုံရေးကို ဘယ်သူမှ အကာအကွယ်မပေးနိုင်ဘူးလို့  မြို့ခံတယောက်က ပြောပါတယ်။

“မဲသာအတင်းအဓမ္မထည့်ခိုင်းတာ။ ဘယ်သူမှပြည်သူ့လုံခြုံရေးအရလည်း သူတို့ (စစ်တပ်) မလုပ်နိုင်ဘူးပေါ့နော်။ ကိုယ်ကလည်း မထည့်ချင်လည်းထည့်ရမှာပဲ ဆိုတဲ့အတိုင်းပဲပေါ့။ စစ်မှုထမ်းခေါ်တာကတော့ ညအချိန်မတော် လူငယ်တွေသွားရင်ဖမ်းခေါ်တယ်။ ဒါပေမဲ့ တချို့ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်။ တချို့ကျတော့ သူတို့ရပ်ကွက်လူကြီးတွေနဲ့ အကူညီတောင်းပြီး ပြန်ရွေးခိုင်းတာမျိုးလည်း လုပ်တယ်။ သူ့အချိတ်အဆက်နဲ့သူ CDM မလုပ်တဲ့သူတွေနဲ့ အကူညီတောင်းပြီးတော့ အချိတ်အဆက်နဲ့ပြန်ရွေးတာမျိုးတွေလည်းလုပ်တယ်။ တချို့က လုံးဝအဆင်မပြေတဲ့သူကျတော့လည်း ဘာလိုလိုနဲ့ ပါသွားတာမျိုးတွေလည်းရှိတာပေါ့။ အဓိကကတော့ ဆင်းရဲတဲ့ အောက်ခြေလူတန်းစားတွေပဲ များတယ်။”

ရွေးကောက်ပွဲကျင်းပမယ့် နောက်တမြို့ဖြစ်တဲ့ ဘောလခဲမြို့မှာတော့ လတ်တလော တိုက်ပွဲတွေပြင်းထန်နေလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကနေပြီး ပြည်သူတွေလုံခြုံရေး သတိရှိဖို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေထိန်းချုပ်ထားတဲ့ မယ်စဲ့၊ ရှားတောနဲ့ ဖားဆောင်းမြို့တွေမှာ ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပဲ မြို့တော်လွိုင်ကော်နဲ့ ဘောလခဲမှာပဲ ရွေးကောက်ပွဲလုပ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီးတဲ့နောက်မှာ စစ်တပ်ဘက်က ဒီးမော့ဆို-ဖရူဆို-ဘောလခဲ ကားလမ်းမကြီးနားတဝိုက်ကို နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့လကတည်းက ထိုးစစ်ဆင်နေပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024