ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဝန်ထီးကျေးရွာအုပ်စုရှိ ဝိဟန်စလိုင်းခုန် ဘုန်းကြီးကျောင်းမှာ ဆိုလာဘက်ထရီ ပေါက်ကွဲမှုဖြစ်ပြီး ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတဦးထံက သိရပါတယ်။
မတ် ၁၃ ရက် ညနေ ၃ နာရီကျော်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး မီးအရှိန်ပြင်းတာကြောင့် မီးမငြှိမ်းသတ်နိုင်ဘဲ ဘုန်းကြီးကျောင်းနဲ့ ကျောင်းရှိပစ္စည်းတွေ မီးထဲပါသွားတယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “မီးက အရမ်းပြင်းတော့ လောင်တာ အရမ်းမြန်တယ်။ ပစ္စည်းတွေလည်း သယ်လို့မရဘူး။ လူထိခိုက်တာတော့ မရှိဘူး။ ဘုန်းကြီးကျောင်းက ပစ္စည်းတွေ သိန်းထောင်နဲ့ချီ ဆုံးရှုံးရတယ်” လို့ ပြောပါတယ်။
အဲဒီဘုန်းကြီးကျောင်းက စာသင်တိုက်တခုလည်းဖြစ်ပြီး နှစ်စဉ် ကိုရင် ၅၀ နီးပါး ပရိယတ္တိစာပေ လေ့လာသင်ယူရာကျောင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
လဲချားမြို့မှာ ဟိုပုံး၊ မိုင်းပွန် တိုက်ပွဲတွေကြောင့် လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်ရှိနေပြီ ဖြစ်တာကြောင့် ဆိုလာနဲ့ ဘက်ထရီကိုသာ အသုံးပြုရတယ်လို့ ဆိုပါတယ်။