
ကရင်နီပြည်နယ်ထဲက ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနေတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲမှာ စစ်တပ်တွေရဲ့ ပတ်ဝန်းကျင်နားလောက်မှာပဲ ရွေးကောက်ပွဲလုပ်နေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာ စစ်တပ်က ကျင်းပနေတဲ့ ရွေးကောက်ပွဲအပိုင်း ၂ ကို မြို့နယ်ပေါင်း ၁၀၀ မှာလုပ်နေတာဖြစ်ပြီး ကရင်နီပြည်မှာတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် ၂ မြို့နယ် ပါဝင်ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ မဲပေးခွင့်ရှိသူတွေ အများဆုံးနေထိုင်နေတဲ့ နေရာတွေကို ကရင်နီတော်လှန်ရေးတပ်ဘက်က နယ်မြေစိုးမိုးထားနိုင်တဲ့အတွက် ငွေတောင်ဆည်နားက စစ်ကောင်စီတပ် အခြေစိုက် ခလရ ၁၀၂ တပ်ရင်းရှိတဲ့ ငွေတောင်ကျေးရွာအုပ်စုလောက်မှာပဲ ရွေးကောက်ပွဲလုပ်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ငွေတောင်ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ရှောင်တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ ဖိအားပေး ပြန်ခေါ်ထားတာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်သွားတဲ့သူတွေကို ရွေးကောက်ပွဲ မပြီးမချင်း အပြင်ပေးမထွက်ဘူးလို့ ဒီးမော့ဆိုဒေသခံတွေက ဆက်ရှင်းပြပါတယ်။
ဒီးမော့ဆိုဒေသခံတယောက်က “ဒီဘက်လူကတော့ ရွေးကောက်ပွဲကို ဘယ်ပြည်သူမှ စိတ်မဝင်စားကြဘူး။ ဟာသအနေနဲ့ပဲ ရှိကြတာပဲ ရှိတယ်။ ဘယ်သူမှလည်း မဲမထည့်ပါဘူး။ ဘယ်သူမှ မထည့်လည်း သူတို့ဟာသူတို့ အနိုင်သိမ်း အနိုင်ယူ အစကတည်းက သူတို့ဟာသူတို့ မတရား အာဏာသိမ်းထားမှတော့ ဘယ်သူမှမထည့်လည်း သူတို့နိုင်တယ်လို့ပဲ ပြောမှာပဲ။ ပြန်လို့ရတယ်ဆိုတဲ့ အနေအထားနဲ့ တချို့ ပြန်လာတဲ့ လူနည်းစုလောက်ပဲ ကြောက်လို့ မဖြစ်မနေ ထည့်တယ်၊ အဲလောက်ပဲရှိမှာပါ။ ဘယ်သူမှ ဒီဘက်ကလူတွေက သွားမထည့်ဘူး။ ပိုက်ဆံပေးရင်တောင် ဘယ်သူမှမသွားဘူး” လို့ ပြောပါတယ်။
ဖရူဆိုမြို့နယ်မှာတော့ စစ်တပ်က ဒီဇင်ဘာလကတည်းက အမှတ် ၁၄ တန်းမြင့်ကျောင်းကို စစ်ယာဉ်တန်းတွေနဲ့ လူအင်အားဖြည့်ထားပြီး မြို့နယ်ရဲ့ ဘေးပတ်လည်ကို နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် တော်လှန်ရေးတပ်ပေါင်းစုတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဖရူဆိုမြို့ထဲမှာ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းအပြင် ခမရ ၅၃၁၊ ခလရ ၄၂၈ နဲ့ မြို့မရဲစခန်း ကျန်နေသေးပြီး မဲပေးနိုင်တဲ့ မြို့ခံလူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ဟာ အာဏာသိမ်းစတည်းက မြို့ကိုစွန့်ခွာ တိမ်းရှောင်နေပြီးသားလို့ ဖရူဆိုမြို့သားတယောက်က DVB ကို ပြောပါတယ်။
“ဖရူဆိုမှာမွေးပြီး ကြီးလာတဲ့သူတွေထဲက ၁၀ ယောက်မှာ ၈ ယောက်လောက်က အာဏာစသိမ်းတည်းက ပြေးနေရတာ။ အခု မြို့ထဲမှာကျန်နေတဲ့သူတွေ ဆိုတာက ကျနော်တို့လည်း မသိဘူး။ တပ်အပြောင်းအလဲနဲ့ ရောက်လာတဲ့ တပ်မိသားစုတွေနဲ့ စစ်တပ်ထောက်ခံသူတွေပဲ မဲပေးလို့ရတဲ့ အနေအထားမှာ မြို့ခံတွေက ခုနကပြောသလိုပဲ ဒီးမော့ဆိုဘက် ပြေးတဲ့သူပြေး၊ မယ်စဲ့ဘက် ပြေးတဲ့သူပြေးနဲ့ မြို့ခံစစ်စစ် ရှိမနေပါဘူး။”
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာတော့ လွိုင်ကော်နဲ့ ဘောလခဲ မြို့ ၂ မြို့ကနေ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
လွိုင်ကော်မြို့မှာ မဲပေးနိုင်သူ ၃၀,၀၀၀ ကျော်ရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဗမာတိုင်းရင်းသားမဲဆန္ဒနယ် အသီးသီးမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပြီးတော့ ဘောလခဲမြို့မှာတော့ မဲဆန္ဒရှင် ၁,၇၀၀ ကျော်သာရှိခဲ့ပြီး လွှတ်တော် ၃ ရပ်လုံးမှာ USDP က အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘောလခဲမြို့မှာ ကြံ့ခိုင်ရေးပါတီရခဲ့တဲ့ မဲအရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်ဟာ ကြိုတင်မဲဖြစ်တယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
မောရစ်


