
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ ကျင်းပနေချိန်မှာ လူသူကင်းမဲ့နေတဲ့ တစ္ဆေမြို့ပျက်ကြီးတခုမှာ ကျင်းပပုံကို Al Jazeera သတင်းဌာနက သတင်းဆောင်းပါးတပုဒ်မှာ ဖော်ပြထားပါတယ်။
လူသူကင်းမဲ့နေတဲ့ မြို့ပျက်ကြီးကတော့ တချိန်က စည်ကားခဲ့တဲ့ ကရင်ပြည်နယ်ထဲက ဖာပွန်မြို့ ဖြစ်ပြီး အခုအခါမှာတော့ လူသူကင်းမဲ့နေကာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အခုရွေးကောက်ပွဲဟာ အဓိပ္ပာယ်မဲ့နေခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းတုန်းက ရွေးကောက်ပွဲ ပထမပိုင်း မဲပေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုပြုလုပ်တဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ ဖာပွန်မြို့ကိုလည်း ပါဝင်တယ်လို့ ကြေညာထားခဲ့ပေမဲ့ ပြဿနာက ဖာပွန်ဟာ လက်ရှိမှာ “မြို့ပျက်ကြီး” တခု ဖြစ်နေခဲ့တာပါ။
တချိန်က ဘဏ်တွေ၊ အစိုးရရုံးတွေ၊ တောင်ကြားတဝိုက် ကျေးရွာတွေဆီ ကုန်စည်နဲ့ ပစ္စည်းတွေ ဖြန့်ဖြူးရာဆိုင်တွေနဲ့ စည်ကားခဲ့တဲ့ ဖာပွန်မြို့က ဒေသတွင်း အချက်အခြာကျတဲ့ မြို့တမြို့ ဖြစ်ခဲ့တာပါ။
Al Jazeera News ရဲ့ သတင်းဆောင်းပါးမှာတော့ ဖာပွန်မြို့ ရဲစခန်းမှာ ကူညီပါရစေ ဆိုတဲ့ ဆောင်ပုဒ်ကို ရေးသားထားတဲ့ ဆိုင်းဘုတ်တခု ရှိပေမဲ့ ခြံစည်းရိုးဂိတ်တံခါး အတွင်းမှာတော့ မြေမြှုပ်မိုင်းတွေ ရှိကြောင်း သတိပေးထားတဲ့ အနီရောင်နောက်ခံပေါ်မှာ အဖြူရောင် ဦးခေါင်းခွံပုံ သတိပေးချက်ကို တွေ့ရတယ်လို့ ဖော်ပြပါတယ်။
သိပ်မကြာခင် ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်တုန်းက Al Jazeera သတင်းဌာနက ဖာပွန်မြို့ကို သွားရောက်ခဲ့ချိန်မှာ မြို့ထဲမှာ လူတဦးတယောက်မှ မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းတွေ၊ နေအိမ်အားလုံးဟာလည်း မီးလောင်တာ၊ ဗုံးဒဏ်သင့်နေတာတွေနဲ့ မြက်ပင်ချုံနွယ် တောရိုင်းပင်တွေ ဖုံးလွှမ်းနေပြီး ပျက်စီးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ ကြေညာချက်အရ မဲပေးမှုတချို့ကို ဖာပွန်မြို့ကနေ ၆ မိုင်လောက်အကွာက စစ်ဗျူဟာအခြေစိုက်စခန်းထဲမှာ ကျင်းပမှာဖြစ်ပြီး မဲပေးလိုတဲ့ ဘယ်သူမဆို မြေမြှုပ်မိုင်းတွေ၊ ထောင်ချောက်တွေနဲ့အတူ ၂၀၂၄ ခုနှစ်ကတည်းက ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ စစ်သား ၈၀၀ လောက်ကို ကျော်ဖြတ်ပြီးမှသာ မဲပေးနိုင်မှာ ဖြစ်ပါတယ်။
ဒေသတွင်း စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူး ဦးတင်ဦး ကတော့ “စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ပဲ။ ဒါဟာ သူတို့ မတရားရယူထားတဲ့ အာဏာကို ဆက်ထိန်းထားဖို့ လုပ်ထားတဲ့ ဇာတ်တိုက်ရိုက်ကူးတဲ့ ပွဲတခုသာ ဖြစ်တယ်” လို့ Al Jazeera News ကို ဖြေပါတယ်။
လက်ရှိကျင်းပနေတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေမှာတော့ မြန်မာနိုင်ငံတဝန်းက မဲဆန္ဒရှင် အနည်းဆုံး ၃ သန်းခွဲလောက်ဟာ ပြည်တွင်းစစ် ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် မဲပေးခွင့် မရရှိခဲ့ကြပါဘူး။
မအေးသူဇာဟာ လွန်ခဲ့တဲ့ ၂ လလောက်က ပုဇွန်မြောင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် သားဖြစ်သူ မောင်မိုးနဲ့အတူ ထွက်ပြေးလာခဲ့သူဖြစ်ပြီး အခုအခါ စစ်တောင်းမြစ်ကမ်းဘေးက စစ်ရှောင် ၁၅၀ လောက်ရှိတဲ့ စုရပ်တခုမှာ နေထိုင်ရင်း အလုပ်ကြမ်းလုပ်ပြီး အသက်မွေးနေရတာပါ။
“ကျမ မဲမပေးပါဘူး၊ အဲဒီအကြောင်းလည်း ဘာမှမသိဘူး၊ ကျမတို့က ဝေးလံတဲ့နေရာမှာ နေရတာဆိုတော့ ရွေးကောက်ပွဲအကြောင်းလည်း မကြားမိဘူး” လို့ သူက ဝါးတဲအိမ်လေးမှာ ထိုင်ရင်း ပြောပြပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံး မြို့တမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာတော့ လုံခြုံရေးက ပေါ့ပေါ့ပါးပါး ဖြစ်နေပြီး ပြည်တွင်းစစ်အနိဌာရုံတွေနဲ့ ဝေးကွာလွန်းတယ်လို့ ခံစားရကြောင်း သတင်းဆောင်းပါးထဲ ပုံဖော်ရေးသားပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့ပြအများစုမှာတော့ ပထမပိုင်း ရွေးကောက်ပွဲတွေကို ဒီဇင်ဘာ ၂၈ ရက်က မဲပေးခဲ့ကြပြီး ဖြစ်ကာ လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တတိယပိုင်း မဲပေးမှု ပြုလုပ်ပြီးမှသာ နောက်ဆုံးရလဒ်ကို ကြေညာသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မဲစာရွက်ပေါ်မှာ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီတွေသာ ရွေးချယ်စရာ ရှိနေတာကြောင့် ရန်ကုန်လို မြို့ကြီးတွေမှာ မဲဆန္ဒရှင် အများအပြား မဲလာမပေးခဲ့ကြသလို တရားဝင် ကိန်းဂဏန်း အချက်အလက်တွေ မထွက်သေးပေမဲ့ မဲပေးသူ ၃၅ ရာခိုင်နှုန်းလောက်သာ ရှိနိုင်ကြောင်း ဒေသတွင်း ရွေးကောက်ပွဲ တာဝန်ရှိသူတွေက Al Jazeera News ကို ဖြေကြားထားကြပါတယ်။
ဒါပေမဲ့ ဒီပြဿနာတွေက စစ်တပ်လိုလားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွက် စိုးရိမ်စရာ မဟုတ်ပါဘူး။
သူတို့အနေနဲ့ ပထမပိုင်းမှာ ပြည်သူ့လွှတ်တော် အမတ်နေရာ ၁၀၂ နေရာထဲက ၈၉ နေရာကို အနိုင်ရရှိထားပြီးဖြစ်ကာ လကုန်အပြီး ထွက်ပေါ်လာမဲ့ ရလဒ်မှာလည်း အလွယ်တကူ အနိုင်ရရှိမဲ့ ပုံပေါ်နေသလို အဆိုပါရလဒ်က ပါတီကို ဦးဆောင်နေတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ အတွက်ရော ကျန်ရှိနေတဲ့ မြန်မာပြည်သူတွေအတွက်ပါ အထူးတဆန်း ဖြစ်နေမှာ မဟုတ်ဘူးလို့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေ အသီးသီးမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ မဲပေးသူ အနည်းဆုံး ရွေးကောက်ပွဲတခု ဖြစ်ခဲ့တဲ့အကြောင်း ဖော်ပြကြပါတယ်။
လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာလူငယ်တွေ အများစု မဲမပေးနိုင်ခဲ့တဲ့အကြောင်း ဖော်ပြထားတာတွေ ရှိသလို အရင်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲတွေမှာ တခဲနက် တန်းစီ မဲပေးခဲ့ကြတဲ့ လူငယ်ထုကြီးကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ သိသိသာသာ မတွေ့ရှိရတော့ဘဲ သက်ကြီးပိုင်း မဲဆန္ဒရှင်တွေကသာ အများစု လာရောက်ခဲ့ကြတာကို တွေ့ရတဲ့အကြောင်း ရေးသားထားတာတွေလည်း ရှိနေတာပါ။
ဒါ့အပြင် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ လွန်ခဲ့တဲ့ အချိန် ၅ နှစ်နီးပါး ကာလအတွင်း စစ်ဘေးဒဏ်သင့်နေတဲ့ နိုင်ငံတွင်းကနေ လူအများအပြား ထွက်ခွာသွားကြရာမှာ စစ်မှုထမ်းရမဲ့ အရွယ်ဖြစ်တဲ့ အသက် ၃၅ နှစ်အောက် အမျိုးသားတွေ၊ ပျက်စီးနေတဲ့ မြန်မာ့စီးပွားရေး အခြေအနေကြောင့် ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရှာဖွေလိုကြတဲ့ လူငယ်များစွာ ပါဝင်သွားခဲ့တာကြောင့်လို့လည်း ထောက်ပြထားပါတယ်။
မဲလာပေးသူတွေထဲ ဖိအားတွေကြောင့် လာပေးသူ ရှိသလို ခြိမ်းခြောက်ခံရမှုတွေကြောင့် မဲလာပေးသူတွေလည်း ရှိကာ မဲလာပေးသူတွေထဲက အများစုမှာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး လူငယ်တွေမဲပေးတာ မရှိသလောက် ဖြစ်နေတာတွေကိုလည်း ဇောင်းပေး ဖော်ပြကြပါတယ်။
ဒါ့အပြင် မြန်မာ့ရွေးကောက်ပွဲကို ပြည်သူတွေဟာ မျှော်လင့်ချက်ကြောင့် မဟုတ်ဘဲ ကြောက်စိတ်ကြောင့် မဲပေးကြရတာဖြစ်သလို မဲပေးပွဲကို ကိုယ်တိုင်စီစဉ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီအတွက်သာ ရလဒ်ကောင်းနိုင်ခြေ ရှိတဲ့အကြောင်း ဖော်ပြထားခဲ့တာကိုလည်း တွေ့ရပါတယ်။
ရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနဲ့ ပါကစ္စတန် ၉ နိုင်ငံက စုစုပေါင်း လူဦးရေ ၆၀ ကျော် စောင့်ကြည့် လေ့လာခဲ့ကြတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားခဲ့တာကို တွေ့ရပါတယ်။
Ref: Aljazeera News


