Home
ဆောင်းပါး
ဂျာအေးကို သူ့အမေရိုက်နေတဲ့ မြန်မာ့ဆေးလောက
DVB
·
January 11, 2026

“ဆရာဝန် ပေါ့ဆလို့ ကလေးတယောက်ရဲ့ အသက်ကို ဆုံးရှုံးလိုက်ရပြီ” ဆိုတဲ့ ဝမ်းနည်းစရာ ပို့စ်လေးတခုကို ဖတ်လိုက်ရပါတယ်။ အဲဒီပို့စ်ကို ဆက်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ ၁၃ ပေါင်ရှိတဲ့ ကလေးလေးကို ခွဲမမွေးခိုင်းဘဲ ရိုးရိုးမွေးခိုင်းခဲ့လို့ မိခင်ဖြစ်သူမှာ အင်အားကုန်ခန်းပြီး နောက်ဆုံး အခြေအနေမကောင်းတော့မှ မိခင်ရဲ့အသက်ကိုပဲ ကယ်နိုင်ခဲ့တယ်ဆိုတဲ့ မိသားစုဝင်တွေ တင်ထားတဲ့ ဝမ်းနည်းစရာပို့စ်တွေနဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေနဲ့ ခပ်ဆင်ဆင် အကြောင်းအရာမျိုးတွေ လူနာရှင်တွေဆီက ခပ်စိပ်စိပ် ကြားလာနေရပါတယ်။ လူနာက သူ မညှစ်နိုင်တော့ပါဘူး၊ သူ့ကိုခွဲပေးပါ၊ အသက်ရှူလို့ မဝတော့ဘူး၊ အရမ်းလည်း နာနေပြီလို့ ပြောတာတောင် လူနာဘက်ကို မစဉ်းစားပေးခဲ့တာကို တွေ့ရပါတယ်။

စစ်အုပ်စုက ပြည်သူ့အာဏာကို ၅ နှစ်လုံးလုံး မတရားသိမ်းယူထားရုံနဲ့တင် မကျေနပ်နိုင်ဘဲ အတုအယောင် ရွေးကောက်ပွဲပါ ကျင်းပခဲ့ပြီး တိုင်းပြည်ကို အပိုင်စီးဖို့ အပူတပြင်း ကြိုးစားနေတာ လူတိုင်းလည်း သိနေကြပါတယ်။ တကယ်တမ်းကျတေ့ အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ကဏ္ဍအသီးသီးက ယိုယွင်းလာနေတာပါ။ ဒီလို ယိုယွင်းလာတဲ့အထဲမှာ ကျန်းမာရေးကဏ္ဍလည်း ပါဝင်လာပါတယ်။

ဒီလိုဖြစ်လာတာက ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေ CDM ခံယူလိုက်လို့ ဆရာဝန်လေးတွေက ဆရာဝန်ကြီးနေရာကို ရောက်လာ၊ သူနာပြု (Nurse) တွေနေရာမှာ အကူသူနာပြု (Nurse Aid) တွေ အစားထိုးလာတာကြောင့် ကျွမ်းကျင်မှုနဲ့ အရည်အချင်း ကွာဟသွားပြီး ဆေးလောကကြီးတခုလုံး ဖြစ်ချင်းတိုင်းဖြစ်နေတာလို့ လက်ရှိ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ အထူးကုဆရာဝန်တဦးကလည်း အခုလို မှတ်ချက်ပေးပါတယ်။

“ဆရာဝန်အငယ်လေးတွေ အရည်အချင်း မပြည့်ဝရင် မှားတာပဲ။ Ward ထဲမှာ သောက်သောက်လဲ မှားတာ။ သူတို့က ဘယ်အချိန်မှာ ကိုယ့်ဆရာကို သတင်းပို့ရမယ်မှန်း မသိနေဘူး။ ဘယ်လူနာကို ဘယ်အချိန်မှာ ဘာလုပ်ရမှန်း မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ Training မပြည့်ဝလို့။ ဘာလို့ မပြည့်ဝလဲ ဆရာဝန်ကြီး မရှိလို့။ အဲဒီတော့ ဂျာအေးကို သူ့အမေရိုက်နေတဲ့ကိစ္စမှာ ကျမတို့ ဘာမှပြောလို့မရဘူး။ ဒီလိုပဲ တရားမဝင်တဲ့ Nurse Aid (အကူသူနာပြု) တွေ အများကြီး ပေါ်လာတယ်။ ဘာဖြစ်လို့တုန်း သူနာပြုဆရာမတွေ နည်းလို့။ ဘာလို့နည်းလဲ ဈေးများလို့။ ဘာလို့ဈေးများလဲ Nurse တွေနည်းလို့။ အဲလိုတွေ ဂျာအေးနဲ့ သူ့အမေ အကုန်ပတ်ရိုက်နေတာ။ နစ်နာတာကတော့ အခါခါ ပြည်သူပဲ။ ကိုယ့်တာဝန် ကိုယ်မလုပ်ကြဘူး။ CDM တွေကို အပြစ်ပြောနေတာ မဟုတ်ဘူးနော်။ ကိုယ့်တာဝန်ကိုယ် မလုပ်ကြဘူးဆိုရင် ပြောကြဦးမယ်၊ CDM မှ မရှိတာ၊ CDM တွေ ထွက်သွားကြတာကိုးဆို၊ မဟုတ်ဘူး Non ကလည်း အလုပ်လုပ်ပါဘူး။” ဒါက လက်ရှိဖြစ်ပျက်နေတဲ့ ဆေးလောကရဲ့ အခင်းအကျင်းပါ။

ကျမတို့ မြန်မာပြည်သူတွေဟာ ဆေးရုံဆေးခန်း သွားရတာမျိုး၊ တရားရုံးတွေ၊ ရဲစခန်းတွေကို သွားရတာမျိုးကို အလွန်ကြောက်ကြပါတယ်။ ဒီလိုနေရာမျိုးတွေကိုလည်း အတတ်နိုင်ဆုံး ကင်းကင်းနေလိုကြပါတယ်၊ ရှောင်ရှားကြပါတယ်။ ကျန်းမာရေးဟာ လူတိုင်းလူတိုင်းအတွက် အင်မတန် အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာရင်လည်း ဘဝနဲ့ အသက်ကိုရင်းပြီး ယုံယုံကြည်ကြည်နဲ့ ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်ကို မငြင်းဆန်ဘဲ လက်ခံကြပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေဟာ လူနာကို ဦးစားပေးတဲ့အကျင့်၊ လူနာကို ဦးစားပေးတဲ့ဓလေ့ မရှိဘူး ဆိုတာကို လူနာဖြစ်ဖူးသူတိုင်း လက်ခံထား၊ နားလည်ထားတဲ့ အမှန်တရားတခုဆိုရင် မှားနိုင်မလား။

“လူနာကို ခွဲခန်းကနေ မပြီး အပြင်မထုတ်ရသေးဘူး ဆရာဝန်ကပြန်ပြီ။ အဲဒါ ခွဲခန်းတိုင်းမှာလိုလို ဖြစ်နေတာ။ လူနာသတိလည်မှ မေ့ဆေးပြယ်မှ ပြန်တဲ့ဆရာဝန်ဆိုတာ မြန်မာပြည် ဆရာဝန်လောကမှာ အတော်ရှားသွားပြီ။” လူနာသည် ဘဝနဲ့ အသက်ကို ရင်းပြီး ခွဲထားတာ။ ကျမတို့ကို ယုံကြည်လို့။ သူသတိလည်မှ ဆရာဝန်အချင်းချင်း Over ပေးရမှာပေါ့။ အခုဖြစ်သွားတဲ့ ကေ့စ်မှာ လူနာက ဗိုက်နာနေပြီ၊ ဗိုက်နာနေပြီ ပြောတာကို MO က ဆရာဝန်ကို အကြောင်းကြားထားပါတယ်၊ ဒါပဲပြောနေတယ်။ သူအကြောင်းကြားထားတယ်ဆိုတာ သားအိမ်ခြစ်ပြီး ပြန်သွားတဲ့ OG ကိုပြောတာ။ မနက် OG ရောက်လာတဲ့အခါ လူနာက Shock ရသွားပြီ။” ဒီဖြစ်စဉ်ကိုတော့ လက်ရှိ လွတ်မြောက်နယ်မြေမှာ ရှိနေတဲ့ ဝါရင့်ဆရာဝန်ကြီးက Non ရဲ့ မှားယွင်းမှု၊ ပေါ့လျော့မှုတွေကို ပြောပြတာပါ။

ဒီလိုအခြေအနေမှာ Nurse Aid (အကူသူနာပြု) သင်တန်းတွေ များလာတာကလည်း စိုးရိမ်စရာတခုလို့ ဆရာဝန်က ထပ်‌‌ပြောပါတယ်။ ဟုတ်ပါတယ် တကယ်တော့ Nurse Aid သင်တန်းက ၁၀ တန်းအောင်ဖို့မလိုဘဲ ၈ တန်းအောင်ရုံနဲ့ တက်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ ကျမ အကူသူနာပြုသင်တန်းတခု တက်ခဲ့ပါတယ်။ သင်တန်းကို မိခင်နဲ့ ကလေးကာကွယ်ရေး (စခန်းသာ) က ဖွင့်တာပါ။ အဲဒီသင်တန်းတက်ဖို့ အင်ကြင်းဆေးခန်းမှာ ၁ နှစ်ကျော် အလုပ်ဝင်ခဲ့ပါတယ်။ ဒါက ကျမရဲ့ ပြင်ဆင်မှုပါ။ အင်ကြင်းဆေးဆိုင်ပိုင်ရှင်ရဲ့ ပြောပြချက်အရ သူ့ရဲ့အဖေက တချိန်က အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေ ဒေါ်ခင်ကြည် အလုပ်လုပ်ခဲ့တဲ့ ဆေးရုံက ဆေးရုံအုပ်ကြီးလို့ ပြောပြပါတယ်။ သူဟာ အဲဒီအချိန်က အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးတယောက်ပါ။ တကယ်ဟုတ်မဟုတ်တော့ ကျမ မသိပါဘူး။ သူက အန်တီဒေါ်အောင်ဆန်းစုကြည်ထက် ၂ နှစ်ကြီးတယ်လို့ ပြောပြခဲ့ဖူးတာကို အမှတ်ရတယ်။ အဲဒီတုန်းက ဗိုလ်မှူးအသက်က ၅၀ ကျော်ပါ။ ကျမက ၂၀ ဝန်းကျင်။ ‌လိုရင်းပြောရရင် ဆေးစပ်နည်း၊ ‌ရောဂါလက္ခဏာကို ကြည့်ပြီး ဘာရောဂါဖြစ်နေလဲဆိုတာ သိအောင် သင်ပေးတယ်။ အဲဒီနှစ် ကျန်းမာရေးဆောင်ပုဒ်တွေ အများကြီး လေ့လာခဲ့ရပြီးမှ သူ့ထောက်ခံချက်ကိုယူပြီး ဝင်ခွင့်ဖြေရတာပါ။ ဝင်ခွင့်အောင်ရင် နုတ်မေး၊ နုတ်ဖြေကို ထပ်ဖြေဆိုရပါတယ်။ အဲဒါအောင်သွားရင် ကျန်းမာရေးစစ်ဖို့ သွားရတယ်။ သူတို့ကိုယ်တိုင် စစ်ပါတယ်။ ဆေးထောက်ခံစာ ယူသွားလည်း အပိုပါပဲ။ ၆ လ စာတွေ့၊ စာတွေ့ပြီးရင် စာမေးပွဲဖြေရပါတယ်။ ဘာသာရပ် ၅ မျိုး သင်ရပါတယ်။ နောက်ထပ် ၆ လကို အလုပ်သမားဆေးရုံ ဒါမှမဟုတ် ခွင့်ပြုတဲ့ဆေးရုံမှာ လက်တွေ့ပညာယူရပါတယ်။ နေ့ဂျူတီ၊ ညဂျူတီ အလှည့်ကျခွဲထားတယ်၊ ညဆိုလည်း လုံးဝမအိပ်ရဲကြပါဘူး၊ အမှတ်လျှော့မှာစိုးလို့။ ဒါက ကျမတို့ခေတ်က အတွေ့အကြုံကို ပြောပြတာပါ။ ကျမတို့တုန်းက ရတဲ့လက်မှတ်က စင်ကာပူထိ သွားလုပ်လို့ရပါတယ်။

အခုဟာတွေက တလသင်တန်း၊ ၂ လသင်တန်း အစားစားရှိပြီ အခုနောက်ပိုင်း အွန်လိုင်းကနေပါ သင်တန်းခေါ်ယူနေတဲ့အထိ ကျယ်ပြန့်လာနေတာကို တွေ့ရပါတယ်။ အရင်က အကူသူနာပြုတွေကို ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာသာ လုပ်ခွင့်ရတာဖြစ်ပြီး စစ်အုပ်စုလက်ထက်မှာတော့ အစိုးရဆေးရုံတွေအထိ ထိုးဖောက်ဝင်ရောက် လုပ်ကိုင်ခွင့်တွေ ရရှိလာပါပြီ။ တကယ်တော့ လူ့အသက်ကို ကယ်ပေးရတဲ့ ဆေးရုံတွေမှာ တချို့ Nurse Aid တွေက သွေးပေါင်ချိန်တောင် ကောင်းကောင်းမတိုင်းတတ်ကြဘူးလို့ သိရပါတယ်။ ဒါပေမဲ့ စနစ်ဆိုးကြီးရဲ့အောက်မှာ Nurse Aid တွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်ပြီး တရားဝင် မွေးထုတ်ထားတဲ့ Nurse တွေရဲ့ အခန်းကဏ္ဍက ကျဉ်းမြောင်းလာပါတယ်။

၂၀၂၅ ခုနှစ် ငလျင်မတိုင်မီ အဖြစ်အပျက်တခုဆိုရင် ဆရာဝန်ငယ်လေးတဦးက ဆရာဝန်ကြီးနေရာကနေ လူနာရဲ့ လက်တဖက်ကို ပြန်ဆက်ဖို့ ကြိုးစားတဲ့အခါ နာရီပေါင်း ၉ နာရီ ကြာသွားပါတယ်။ မအောင်မြင်ပါဘူး။ လူနာ လက်တဖက် ဆုံးရှုံးလိုက်ရပါတယ်။ လူနာသေသွားတယ်လို့လည်း ကြားရပါတယ်။ ဒီနေရာမှာ ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်ကြီးသာ ဒီလူနာကို ခွဲစိတ်ပေးမယ်ဆိုရင် လူနာရဲ့လက်က ပြန်ကောင်းလာနိုင်တယ်လို့ ဆရာဝန်အချင်းချင်း မှတ်ချက်ပေးတဲ့ အသံတွေကိုလည်း ကြားရပါတယ်။ နောက်ဖြစ်စဥ်တခုက လူနာအမျိုးသမီးတဦးကို OG က သားအိမ်ခြစ်ပေးရင်း သားအိမ်ပေါက်သွားပါတယ်။ ဒါကို OG က မသိခဲ့ပါဘူး။ ခွဲစိတ်တဲ့ Team တဖွဲ့လုံးဟာ မြန်မြန်ခွဲ၊ မြန်မြန် နောက် အပြင်ဆေးရုံကို ကူးဖို့ပဲ တာစူနေတာပါ။ လူနာမေ့ဆေးမပြယ်ခင်မှာဘဲ ပြန်သွားကြပါတယ်။ လူနာသတိပြန်ရလာတဲ့အထိ မစောင့်နိုင်ကြပါဘူး။ လူနာက ဗိုက်နာတယ်လို့ အကြိမ်ကြိမ်ပြောနေပေမဲ့ MO က OG ကို အကြောင်းကြားထားတယ်လို့ပဲ ပြောပြီး အကိုက်အခဲပျောက်ဆေးပဲ ပေးခဲ့တာပါ။  နောက်တနေ့မနက် OG ရောက်လာတော့ လူနာက Shock ရနေပါတယ်။ ဘယ်လိုပဲ ခွဲစိတ်မှုကို နောက်ထပ်တကြိမ်လုပ်လုပ် လူနာအသက်ဆုံးရှုံးရတဲ့ဖြစ်စဉ် ဆရာဝန်အချင်းချင်းအကြား ဖုံးဖိပေးထားတဲ့ အမှားတွေလို့ လက်ရှိ လွတ်မြောက်နယ်မြေက ဆရာဝန်ကြီးက ရှင်းပြပါတယ်။ ဆရာဝန်က အခုလို ထပ်ပြောပြပါသေးတယ်။

“ကိုယ့်နေရာ ကိုယ်ပြန်ရမယ် ထင်တယ်။ ကိုယ်နဲ့ထိုက်တန်တဲ့ နေရာကို ပြန်ရမယ်။ ကျမက CDM တွေကို ပြန်လာရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ Non တွေက သူ့နေရာနဲ့သူနေ၊ သူနဲ့မတန်တဲ့ တာဝန်တွေကို မယူထားနဲ့။ အခုက မတန်မရာယူထားတာ။ အရည်အချင်း မပြည့်ဝမှုကိုပြောတာ။ တာဝန်တွေယူထားပြီး တာဝန်မကျေဘူး။ သင်ပေးတဲ့ ဆရာတွေလည်း မရှိသလောက်ဘဲ။ အဲဒီတော့ လုပ်ရမှာက Professional ကျအောင် လုပ်ရမယ်။ Trainer တွေလည်း သူ့နေရာနဲ့သူ နေရမယ်။ လူနာကို ဦးစားပေးတဲ့အကျင့်ကို ပြန်သင်ရမယ်။ Non တွေ ဆေးရုံမှာ မရှိဘူး။ လစာကိုတော့ ပျော်ပျော်ကြီးထုတ်ယူတယ်။ non-society လေးကို တည်ဆောက်နေရတော့ အချင်းချင်း မပြောရဲ၊ မဆိုရဲဘူး။ ဖြစ်ချင်တိုင်း ဖြစ်နေတာပေါ့။”

နောက်တခုကလည်း ဆေးစရိတ်တွေ အလွန်အမင်း ဈေးကြီးနေတာ၊ မီးမလာလို့  ဒီဇယ်ဆီ ဝယ်သုံးနေရပြီး ဒီဇယ်ကအစ ဈေးတက်နေပါတယ်။ ဒါတောင် ဒီဇယ်ဆီ ရမရ ဆေးရုံပိုင်ရှင်က ပူပန်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆေးရုံတက်ရင် ပိုက်ဆံအများကြီး ကုန်ကျပါတယ်။ လူနာတွေကလည်း ဆရာဝန်တွေကို အယုံအကြည်ကင်းမဲ့လာနေပါတယ်။ ကျောင်းတကျောင်းက ကျောင်းသားလေးတဦး စာသင်ခန်းမှာ သန့်ရှင်းရေးလုပ်ရင်း မတော်တဆ ထိခိုက်မိပြီး နဖူးမှာ သွေးထွက်နေလို့ အတန်းပိုင်ဆရာမက အနီးအနားက ဆေးခန်းတခုမှာ သွားပြတော့ သူနာပြုဆရာမက နာဖူးက အနာကို အနာကျက်ဆေးရည် (Septidine) နဲ့ သုတ်လိမ်းတယ်။ ပြီးမှ အနာကပ်ပလာစတာနဲ့ အုပ်ပေးလိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ ကုန်ကျစရိတ်က ၁ သိန်းခွဲတောင်းလို့ ဆေးရုံနဲ့ စကားများခဲ့ရတယ်လို့ အဲဒီအတန်းပိုင်က သူ့အကောင့်မှာ ပို့စ်တင်ထားတာကို ဖတ်မိလိုက်ပါသေးတယ်။ စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ အကြမ်းဖက်စစ်တပ် လက်ထက်မှာ ကုန်စည်စီးဆင်းမှုနည်းလာ၊ နှေင့်နှေးလာပါတယ်။ ဆေးဝါး ကုန်ဈေးနှုန်းတွေကလည်း အဆမတန် တက်နေပါတယ်။ ပြည်သူကတော့ အခါခါ နစ်နာနေရတာပါ။ ပညာမပြည့်ဝတာကတော့ ခေတ်ရဲ့ အခြေအနေနဲ့ အများကြီးသက်ဆိုင်တယ်လို့ပဲ ပြောပါရစေရှင်။ ။

မိုင်ဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013