Home
ဆောင်းပါး
ကမ္ဘာဟာ တောရိုင်းခေတ်ကို ပြန်လှည့်နေပြီလား
DVB
·
January 9, 2026

ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်လိုက်ရင် လူသားတွေဟာ ယဉ်ကျေးမှု အမြင့်ဆုံးအချိန်ကို ရောက်နေတာလား၊ ဒါမှမဟုတ် တောရိုင်းခေတ်ကို ပြန်ဦးလှည့်နေတာလား ဆိုတာ ဝေခွဲရခက်လာပါပြီ။ အထူးသဖြင့် အမေရိကန် အထူးတပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို နေအိမ် အိပ်ခန်းထဲထိ ဝင်ရောက် စီးနင်း ဖမ်းဆီးလိုက်တဲ့ဖြစ်ရပ်ဟာ ကမ္ဘာ့နိုင်ငံရေး စားပွဲဝိုင်းကြီးတခုလုံးကို မှောက်လှန်ပစ်လိုက်သလို ဖြစ်သွားစေပါတယ်။

ဒီဖြစ်ရပ်ကို အပေါ်ယံကြည့်မယ်ဆိုရင် “မူးယစ်ဆေးဝါး နှိမ်နင်းရေး” လို့ မြင်နိုင်ပေမဲ့ ဒီထက်မကတဲ့ အဓိပ္ပာယ်တွေ၊ အန္တရာယ်တွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။

ဥပဒေဆိုတာ ဘယ်ကစ

ဒီပြဿနာရဲ့ အနှစ်သာရကို နားလည်ဖို့အတွက် အခြေခံအကျဆုံး မေးခွန်းတခုကို အရင် ပြန်ကောက်ရပါမယ်။ “ဥပဒေ ဆိုတာ ဘာလဲ၊ ဘာကြောင့် ပေါ်ပေါက်လာရတာလဲ”။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ၊ လူသားတွေ စတင်ဖြစ်တည်ကာစ အချိန်ကို ပြန်သွားကြည့်ရအောင်။ အဲဒီတုန်းက ဘာဥပဒေမှ မရှိပါဘူး။ ရှိနေတာက သဘာဝအရိုင်းပြင်ဆန်ဆန် အခြေအနေ (State of Nature) သက်သက်ပါပဲ။ ၁၇ ရာစု အင်္ဂလိပ် နိုင်ငံရေး ဒဿနပညာရှင် သောမတ်စ်ဟော့ဗ်က သူ့ရဲ့ “Leviathan” ကျမ်းမှာ တင်ပြခဲ့သလိုပါပဲ။ သဘာဝအခြေအနေမှာ လူသားတွေရဲ့ဘဝဟာ တကိုယ်ကောင်းဆန်တယ်၊ ရက်စက်ကြမ်းကြုတ်တယ်၊ တိုတောင်းပါတယ်။ အဲဒီအချိန်က “အားကြီးသူ အနိုင်ယူစတမ်း” ဆိုတဲ့ တောရိုင်းဥပဒေသာ စိုးမိုးပါတယ်။

ဒီလိုအခြေအနေမှာ ဘယ်သူမှ လုံခြုံမှု မရှိပါဘူး။ အားအကြီးဆုံး လူမိုက်ကြီးတောင်မှ အိပ်ပျော်နေတဲ့အချိန်မှာ အသတ်ခံရနိုင်ပါတယ်။ ဒါကြောင့် လူသားတွေဟာ “ငါတို့ ဒီလိုဆက်သွားလို့ မဖြစ်တော့ဘူး” ဆိုတာ သဘောပေါက်လာကြတယ်။ ကိုယ့်ရဲ့ သဘာဝလွတ်လပ်ခွင့် တချို့ကို စွန့်လွှတ်ပြီး အားလုံးလိုက်နာရမဲ့ အာဏာပိုင် အဖွဲ့အစည်းတခုကို ဖန်တီးဖို့ သဘောတူလိုက်ကြတယ်။ ဒါကို “လူမှုပဋိညာဉ်” လို့ ခေါ်ပါတယ်။ ဒီပဋိညာဉ်ကြောင့်သာ အားနည်းသူတွေဟာ အားကြီးသူတွေရဲ့ လက်အောက်ကနေ ဥပဒေရဲ့ အကာအကွယ်နဲ့ ရှင်သန်ခွင့် ရလာတာပါ။

နိုင်ငံတကာအဆင့်မှာလည်း ဒီသဘောတရားအတိုင်းပါပဲ။ သမိုင်းတလျှောက် အင်ပါယာတွေ နယ်ချဲ့ခဲ့ကြတယ်။ အင်အားကြီးတဲ့နိုင်ငံ‌တွေက အားနည်းတဲ့နိုင်ငံတွေကို စိတ်ထင်တိုင်း တရားလက်လွတ် ဝင်ရောက်သိမ်းပိုက်ကြတယ်။ ဘာလျော်ကြေးမှ ပေးစရာမလို။ မလိုတဲ့အပြင် သိမ်းပိုက်ခံနိုင်ငံရဲ့ မြေပေါ်မြေအောက် သံယဇာတတွေပါ ဝါးမြိုပစ်လိုက်ကြတယ်။ တချို့ဆို သိမ်းပိုက်ခံရသေး၊ စစ်လျော်ကြေးအဖြစ် မတန်တဆ ပေးရသေး (ဥပမာ-အင်္ဂလိပ်-မြန်မာစစ်ပွဲ)။

ဒါပေမဲ့ သွေးချောင်းစီးခဲ့တဲ့ ကမ္ဘာစစ်ကြီးနှစ်ခု ပြီးသွားတဲ့အခါမှာတော့ ကမ္ဘာ့နိုင်ငံတွေဟာ “နိုင်ငံတကာ လူမှုပဋိညာဉ်” ကြီး တခုကို ပြုလုပ်ခဲ့ကြတယ်။ အဲဒါကတော့ ၁၉၄၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါပဲ။

ဒီပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၂(၄) မှာ “နိုင်ငံအားလုံးသည် နိုင်ငံတကာ ဆက်ဆံရေးတွင် တခြားနိုင်ငံတခု၏ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံရေး လွတ်လပ်ခွင့်ကို ထိပါးစေမည့် ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းမှ ရှောင်ကြဉ်ရမည်” လို့ ဆိုထားပါတယ်။ ဒါဟာ ခေတ်သစ်ကမ္ဘာကြီးကို တောရိုင်းခေတ်အဖြစ် ပြန်မရောက်သွားအောင် တားဆီးထားတဲ့ တခုတည်းသော တာတမံကြီး ဖြစ်ပါတယ်။

ဒါပေမဲ့... ၂၀၂၆ ခုနှစ်ရဲ့ မာဒူရို ဖမ်းဆီးမှု ဖြစ်စဉ်ကတော့ ဒီ “လူမှုပဋိညာဉ်” ကြီး ပျက်သုဉ်းသွားပြီလား ဆိုတဲ့ မေးခွန်းကို ထုတ်လိုက်ပါပြီ။

တရားဝင်မှု မျက်နှာဖုံးနှင့် ဥပဒေကြောင်းဆိုင်ရာ သုံးသပ်ချက်

အမေရိကန်က မာဒူရိုကို ဖမ်းဆီးရာမှာ ဥပဒေကြောင်းအရ အကြောင်းပြချက် ပေးထားပါတယ်။ အဲဒါကတော့ “မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး” ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို တွေ့ရပါတယ်။

၁။ အချုပ်အခြာအာဏာဆိုင်ရာ ကင်းလွတ်ခွင့်

နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေအရ နိုင်ငံတနိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင်တဦးဟာ ရာထူးတာဝန် ထမ်းဆောင်နေစဉ်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြွင်းမဲ့ ကင်းလွတ်ခွင့် ရရှိပါတယ်။ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ ၂၀၀၂ ခုနှစ် ကွန်ဂို နိုင်ငံခြားရေးဝန်ကြီး ဖမ်းဝရမ်းအမှုမှာလည်း လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေကိုတောင် တခြားနိုင်ငံက ဖမ်းဆီး တရားစွဲဆိုခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့ဖူးပါတယ်။

၂။ ပြည်တွင်းဥပဒေဖြင့် နိုင်ငံတကာဥပဒေကို ကျော်ခွခြင်း

အမေရိကန်က ဒီကင်းလွတ်ခွင့်ကို ကျော်လွှားဖို့ မာဒူရိုကို “သမ္မတ” အဖြစ် အသိအမှတ်မပြုဘဲ “မူးယစ် အကြမ်းဖက်ခေါင်းဆောင်” လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ အမေရိကန် တရားစီရင်ရေးမှာ ကျင့်သုံးတဲ့ ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာ ဥပဒေကို ကျော်ခွခြင်း  “Ker-Frisbie Doctrine” (Ker v. Illinois, 1886 နှင့်  Frisbie v. Collins, 1952) ကို အသက်သွင်းလိုက်တာပါပဲ။

ဒီစီရင်ထုံးရဲ့ သဘောတရားက “တရားခံတယောက်ကို တရားရုံးရှေ့ရောက်အောင် ဘယ်လိုနည်းနဲ့ပဲ ခေါ်လာခဲ့ပါစေ (ဥပဒေနဲ့မညီဘဲ နိုင်ငံရပ်ခြားကနေ ပြန်ပေးဆွဲလာရင်တောင်မှ) အမေရိကန်မြေပေါ် ရောက်လာပြီ ဆိုရင်တော့ တရားရုံးက သူ့ကို တရားစွဲဆို စီရင်ပိုင်ခွင့် ရှိတယ်” ဆိုတဲ့ မူဝါဒပါ။ ဒါဟာ နိုင်ငံတကာစံနှုန်းကို မျက်ကွယ်ပြုပြီး “ငါ့အိမ်မှာ ငါ့ဥပဒေပဲ အတည်” ဆိုပြီး လုပ်လိုက်တာနဲ့ အတူတူပါပဲ။

၃။ လက်ငင်းအန္တရာယ် ဟုတ်၊ မဟုတ်

အမေရိကန်ဘက်က အခုလို သူ့လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ် Article ၅၁ ကို ကိုးကားပါတယ်။ ဗင်နီဇွဲလားက မူးယစ်ဆေးဝါးတွေကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ ထုတ်ဖော်ပြောထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဥပဒေမှာ ခုခံကာကွယ်ပိုင်ခွင့်အတွက် “The Caroline Test” (၁၈၃၇) ဆိုတဲ့ တင်းကျပ်တဲ့စံနှုန်း ရှိပါတယ်။

နိုင်ငံတနိုင်ငံက မိမိကိုယ်ကို ကာကွယ်ဖို့ ကြိုတင်တိုက်ခိုက်မယ်ဆိုရင် ရန်သူ့ဘက်က အန္တရာယ်ဟာ “လက်ငင်း ကျရောက်နေရမယ်၊ ကြီးမားလွှမ်းမိုးနေရမယ်၊ တခြားနည်းလမ်း ရွေးစရာ မရှိတော့တဲ့ အခြေအနေ ဖြစ်ရမယ်” လို့ သတ်မှတ်ထားပါတယ်။ မူးယစ်ဆေးဝါး ကုန်ကူးမှုရှိတယ် ဆိုရုံနဲ့ ဒါကို “နိုင်ငံတော်လုံခြုံရေးကို ထိပါးစေတဲ့ လက်ငင်း စစ်ရေးအန္တရာယ်” လို့ သတ်မှတ်ပြီး နိုင်ငံခြားမြို့တော်ကို ဝင်စီးတာဟာ ဒီ Caroline Test ကို မအောင်မြင်ပါဘူး။ ဒါဟာ “ရဲလုပ်ငန်းစဉ်” မဟုတ်ဘဲ “စစ်မက်ပြုခြင်း” သာ ဖြစ်ပါတယ်။

ဘာကြောင့် အခြားနည်းလမ်းများ မသုံးခဲ့သလဲ

ဒီနေရာမှာ မေးစရာ ရှိလာပါတယ်။ ဒါဆိုရင် စစ်တပ်နဲ့ ဝင်မဖမ်းဘဲ တခြား ဥပဒေနည်းလမ်းတွေ မရှိဘူးလား။ ရှိပါတယ်။

၁။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)

တရားဝင်အကျဆုံး နည်းလမ်းကတော့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ အင်အားသုံးခြင်းပါ။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ ရုရှားနဲ့ တရုတ် ရှိနေပါတယ်။ မာဒူရိုဟာ သူတို့ရဲ့မိတ်ဖက် ဖြစ်တဲ့အတွက် အမေရိကန်က ဘယ်လိုပဲတင်တင်၊ သူတို့က ကန့်ကွက်မဲပေးပြီး ပယ်ချမှာ သေချာပါတယ်။ ကုလသမဂ္ဂ ယန္တရားကြီး တခုလုံးဟာ ဒီအာဏာရှင်ကြီး နှစ်နိုင်ငံကြောင့် “လေဖြတ်” နေတာ ကြာပါပြီ။

၂။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)

နောက်တနည်းကတော့ ICC လမ်းကြောင်း ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို အမေရိကန်က မရွေးချယ်ခဲ့သလို လက်တွေ့မှာလည်း ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ အဓိက အကြောင်းအရင်း ၃ ချက် ရှိပါတယ်။

(က) စွဲချက်တင်သည့် ခေါင်းစဉ်ကွဲပြားခြင်း (Subject-matter Jurisdiction): ICC ဟာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုတွေကိုသာ အဓိကစစ်ဆေးပြီး “မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု” ကို တိုက်ရိုက် စစ်ဆေးစီရင်ပိုင်ခွင့် မရှိပါဘူး။ အမေရိကန်က မာဒူရိုကို အဓိက လိုလားနေတာကမူးယစ်အကြမ်းဖက်မှု ဖြစ်တဲ့အတွက် ICC လမ်းကြောင်းနဲ့ လွဲချော်နေပါတယ်။

(ခ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အတားအဆီး (ဗီတိုအာဏာ): အမေရိကန် ကိုယ်တိုင်က ICC အဖွဲ့ဝင် မဟုတ်သလို ICC က အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ ကြိုးစားရင်လည်း ဗင်နီဇွဲလားရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံးပြီး ပယ်ချမှာ သေချာသလောက် ရှိနေပါတယ်။

(ဂ) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်၏ အားနည်းချက်: ဥပဒေပညာရှင်တချို့က “Universal Jurisdiction” (ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်) ကို သုံးသင့်တယ်လို့ အကြံပြုကြပေမဲ့ ဒီနည်းလမ်းက တရားခံကို ဖမ်းဆီးရမိထားမှသာ တရားစွဲဆိုလို့ ကောင်းမွန်တာ ဖြစ်တယ်။ မဟုတ်ရင် နှစ်နဲ့ချီ ကြာတတ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ သံတမန်ရေးရာ ရှုပ်ထွေးမှုတွေ များလွန်းပါတယ်။

ဒီလို “မတိုးသာမဆုတ်သာ” အခြေအနေတွေနဲ့ အချိန်ကြန့်ကြာမှုတွေကြောင့် အမေရိကန် အနေနဲ့ မိမိတို့ဥပဒေကို အသုံးပြုပြီး တဖက်သတ် လုပ်ဆောင်ခြင်းကို ရွေးချယ်လိုက်ပုံရပါတယ်။

မျက်နှာဖုံး၏ နောက်ကွယ် 

အမေရိကန်ဆိုတာ အရင်းရှင်စနစ်ရဲ့ ဖခင်ကြီးဆိုတာ မေ့ထားလို့မရပါဘူး။ ထရမ့်ပ်လို စီးပွားရေးသမားစစ်စစ်ဟာ အကျိုးအမြတ် မရှိဘဲနဲ့ ဒီလောက်ကြီးမားတဲ့ စစ်ဆင်ရေးကြီးတခုကို လုပ်ပါ့မလား။ အဖြေက ရှင်းပါတယ်။ “ရေနံ” ပါ။

လူအများစုက ဆော်ဒီအာရေဗျကို ရေနံအများဆုံးလို့ ထင်ကြပေမဲ့ လက်တွေ့မှာ ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ ရေနံသိုက် အကြီးဆုံး ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဆော်ဒီထက်တောင် ၅ ဆလောက် ပိုများတယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် ရွှေနဲ့ အခြား သယံဇာတတွေလည်း ပေါကြွယ်ဝပါတယ်။

ဒီနေရာမှာ “Deep State” လို့ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတော်ယန္တရား နောက်ကွယ်က မဟာဗျူဟာ စီမံကိန်းရေးဆွဲသူတွေရဲ့ တွက်ချက်မှုကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။

၁။ တရုတ်၏ လွှမ်းမိုးမှုကို ဖြတ်တောက်ခြင်း

လက်ရှိအချိန်ထိ ဗင်နီဇွဲလားက ထွက်သမျှ ရေနံ ၉၀ ရာခိုင်နှုန်း နီးပါးကို တရုတ်က ဝယ်ယူနေပါတယ်။ ရုရှားနဲ့ အိန္ဒိယကလည်း အကျိုးအမြတ် ရနေကြပါတယ်။

၂။ စစ်ပွဲအတွက် ပြင်ဆင်ခြင်း

နိုင်ငံတကာ နိုင်ငံရေးသုံးသပ်သူတွေက တရုတ်နဲ့ အမေရိကန် ကြားက စစ်ပွဲ (သို့မဟုတ် တတိယကမ္ဘာစစ်) ဟာ ရှောင်လွှဲမရတဲ့ အနေအထားလို့ ယူဆထားကြပါတယ်။ စစ်ပွဲတခုကို အနိုင်တိုက်ဖို့ဆိုတာ စွမ်းအင်ရှိမှ ရမှာပါ။

၃။ စွမ်းအင် လုံခြုံရေး

တကယ်လို့ စစ်ပွဲဖြစ်လာခဲ့ရင် တရုတ်ရဲ့ စွမ်းအင်ရ လမ်းကြောင်းကို ဖြတ်တောက်ဖို့နဲ့ အမေရိကန်အတွက် စွမ်းအင်လုံလောက်မှု ရှိစေဖို့ ဗင်နီဇွဲလားဟာ မဟာဗျူဟာအရ အချက်အခြာ ကျလွန်းနေပါတယ်။

ဒါကြောင့် အမေရိကန်က မူးယစ်ဆေးကို ခေါင်းစဉ်တပ်ထားပေမဲ့ တကယ်တမ်းကတော့ တရုတ်လက်ထဲက ရေနံအိုးကြီးကို စစ်မဖြစ်ခင် လက်ဦးမှုရယူပြီး သိမ်းပိုက်လိုက်တာ (Strategic Pre-emption) ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီအရေး မဟုတ်ပါဘူး။ ရှင်သန်ရပ်တည်ရေးနဲ့ ကမ္ဘာ့လွှမ်းမိုးမှုသက်သက်သာ ဖြစ်ပါတယ်။ အခုထိ အခြေအနေတွေအရလည်း ဗင်နီဇွဲလားမှာ ဘာထူးခြားမှုမှ မရှိသေးပါဘူး။ မာဒူရိုရဲ့ အုပ်စုဝင်တွေသာ ဆက်လက်အာဏာရယူထားဆဲပါ။ ပြည်သူလူထုအတွက်လည်း ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ဒေါ်နယ်ထရမ့်ပ်သာ လူသားချင်းစာနာမှုအရ ဝင်ရောက်စွက်ဖက်တာမျိုး ဆိုရင် ဗင်နီဇွဲလား ပြည်သူတွေအနေနဲ့ ပိုပြီး မျှော်လင့်ချက်ရောင်ခြည်တွေ ရှိနေမှာပါ။ အတိုက်အခံခေါင်းဆောင်နဲ့ နိုဘယ်လ်ဆုရှင်တွေကို ခေါင်းဆောင်တင်ပေးမှာပါ။ အခုထိ ဘာအပြောင်းအလဲမှ မရှိသေးတာကို ထောက်ရှုရင် ဒါဟာ ပြည်သူကို ဒီမိုကရေစီကို ကာကွယ်တာ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။

အာဏာရှင် ဝင်ရိုးတန်းနှင့် ကမ္ဘာ့အန္တရာယ်

တဖက်မှာလည်း မာဒူရိုအကြောင်း ပြောဖို့လိုပါတယ်။ သူကလည်း ခေသူမဟုတ်။ တရုတ်၊ ရုရှား၊ အီရန်၊ မြန်မာ၊ မြောက်ကိုရီးယား၊ ဘယ်လာရုစ်တို့ ပါဝင်တဲ့ ခေတ်သစ် “အာဏာရှင် ဝင်ရိုးတန်း” ရဲ့ အစိတ်အပိုင်းတခုပါ။ တိုင်းပြည်ကို မွဲသထက်မွဲအောင် လုပ်ခဲ့သူ၊ မူးယစ်ဂိုဏ်းခေါင်းဆောင်၊ ပြည်သူကို ညှဉ်းပန်းနှိပ်စက်သူ စတဲ့ မကောင်းသတင်းတွေနဲ့ ပြည့်နှက်နေတဲ့ မင်းအောင်လှိုင်လို အာဏာရှင်တယောက်ပါ။ အဲဒီလိုအာဏာရှင်မျိုးကို ရုရှားနဲ့ တရုတ်က ထောက်ခံ ထောက်ပံ့ပေးထားပါတယ်။

ရုရှားနဲ့ တရုတ်တို့လို နိုင်ငံတွေဟာ ကမ္ဘာကြီးကို သူတို့စိတ်ကြိုက် ခြယ်လှယ်ချင်ကြတယ်။ လူ့အခွင့်အရေးကို ဂရုမစိုက်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားအတွက်ဆိုရင် မာဒူရိုလို ပြည်သူကို နှိပ်စက်တဲ့ အာဏာရှင်မျိုးကိုတောင် ပံ့ပိုးပေးထားကြတယ်။ သူတို့ကလည်း အမေရိကန်ထက် မလျော့တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံငယ်တွေကို ဝါးမျိုနေကြတာပါ။

ဒါကြောင့် အမေရိကန်ရဲ့ လုပ်ရပ်ဟာ ဥပဒေမဲ့တယ် ဆိုပေမဲ့ “လူဆိုးကို လူမိုက်က ဝင်နှိမ်နင်းလိုက်တာ” လို့လည်း မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို “တောရိုင်းဥပဒေ” ကို ကျင့်သုံးလိုက်ခြင်းက ကမ္ဘာကြီးကို ပိုမိုအန္တရာယ်များတဲ့ နေရာတခု ဖြစ်သွားစေတာကတော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဥပဒေဆိုတာ ပျောက်ကွယ်သွားပြီး အင်အားရှိသူက နိုင်ရာစားတဲ့ ခေတ်ကို တရားဝင် ကြေညာလိုက်သလို ဖြစ်သွားလို့ပါပဲ။

မြန်မာ့အရေးနှင့် လက်တွေ့အရှိတရား

အခုလို မာဒူရို ဖမ်းဆီးခံရတဲ့သတင်း ကြားရတဲ့အခါ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ မျှော်လင့်ချက် ရောင်ခြည်သန်းလာတာ မဆန်းပါဘူး။ “ငါတို့ဆီက မင်းအောင်လှိုင်ကိုရော ဒီလိုပဲ လာဖမ်းပေးရင် ကောင်းမှာပဲ”လို့ တွေးမိကြတယ်။ မာဒူရိုလိုပဲ မင်းအောင်လှိုင်ဟာလည်း ပြည်သူကို သတ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိ၊ ရုရှား-တရုတ် အားကိုးနဲ့ ရပ်တည်နေတဲ့ အာဏာရှင်ချင်း တူတူပါပဲ။

ဒါပေမဲ့... ကျနော်တို့ လက်တွေ့ အရှိတရားကို ရင်ဆိုင်ရပါမယ်။ အမေရိကန်ဆိုတာ “ကမ္ဘာ့ရဲ” ဆိုရင်တောင် ပိုက်ဆံမရရင် အလုပ်မလုပ်တဲ့ ရဲမျိုးပါ။ ဗင်နီဇွဲလားမှာ ကမ္ဘာ့အများဆုံး ရေနံ ရှိတယ်။ ဒါဟာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလောက် မဟာဗျူဟာကျတဲ့ အကျိုးစီးပွားမျိုး အမေရိကန်အတွက် မရှိပါဘူး။ ငွေလိမ်ဂိုဏ်းလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်း၊ ဒါတွေရှိနေတာ မှန်ပေမဲ့ တဖက်မှာလည်း တရုတ်ရှိနေပါတယ်။ ပထဝီအနေထားချင်း မတူပါ။

ဒါ့အပြင် မြန်မာဆိုတာ တရုတ်ခြံထဲက အပင်တခုလို ဖြစ်နေတာပါ။ ဒီတော့ ဗင်နီဇွဲလားလို လက်ရဲဇက်ရဲ ဝင်လုပ်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ အခန့်မသင့်ရင် ကမ္ဘာကြီးကို ထရမ့်ပ်၊ ပူတင်၊ ရှီကျင့်ဖျင်တို့က ကိတ်မုန့်ခွဲသလို ကမ္ဘာကြီးကို ဝေခြမ်းဖို့ သဘောတူထားရင်တောင် ထားနိုင်ပါသေးတယ်။

ပိုဆိုးတာက ဥပဒေဆိုတဲ့ အကာအကွယ် မရှိတော့တဲ့အခါ အင်အားကြီးသူက အနိုင်ယူစတမ်း ဖြစ်လာတဲ့အခါ မြန်မာနိုင်ငံလို နိုင်ငံငယ်လေးတွေဟာ အင်အားကြီး အိမ်နီးချင်း တရုတ်ရဲ့ ဝါးမျိုခြင်းကိုခံရဖို့ ပိုများနေပါတယ်။ ဒါက ခန့်မှန်းချက်တခု မဟုတ်ပါ။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး အခြေအနေကို ပြန်ကြည့်ရင် သိသာနေပါတယ်။

အမေရိကန်က ဥပဒေကို ချိုးဖောက်လိုက်တဲ့အတွက် တရုတ်ကလည်း မြန်မာနိုင်ငံကို ငါ့အပိုင်ပဲ ဆိုပြီး ဝင်ရောက်စွက်ဖက်လာရင် တားဆီးမဲ့ ဥပဒေတံတိုင်း မရှိတော့ပါဘူး။

နိဂုံး

ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးလိုက်တဲ့ ဖြစ်ရပ်ဟာ တရားခြင်း၊ မတရားခြင်း ဆိုတဲ့ စံနှုန်းတွေထက် ကျော်လွန်သွားပါပြီ။ ဒါဟာ လူသားယဉ်ကျေးမှုရဲ့ ဆုတ်ယုတ်မှုတခု ဖြစ်သွားပါပြီ။

ကျနော်တို့ လူသားတွေဟာ သောမတ်စ်ဟော့ဗ် ပြောခဲ့တဲ့ “တောရိုင်းခေတ်” ကနေ ရုန်းထွက်ဖို့ နှစ်ပေါင်းထောင်ချီ ကြိုးစားခဲ့ရတယ်။ “လူမှုပဋိညာဉ်” တွေ၊ ကုလသမဂ္ဂ ပဋိညာဉ်တွေနဲ့ ဥပဒေဘောင်ကို တည်ဆောက်ခဲ့တယ်။ ရည်ရွယ်ချက်က “အားကြီးသူက အားနည်းသူကို စိတ်ထင်တိုင်း အနိုင်မကျင့်နိုင်အောင်” ဖြစ်ပါတယ်။

ဒါပေမဲ့ အခုဖြစ်ရပ်က ဘာကိုပြနေသလဲ ဆိုတော့... အင်အားကြီးနိုင်ငံတွေ (အမေရိကန်၊ ရုရှား၊ တရုတ်) ဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက်ဆိုရင် ဒီပဋိညာဉ်တွေကို စာရွက်စုတ်တရွက်လို သဘောထားပြီး ဆုတ်ဖြဲပစ်ဖို့ ဝန်မလေးဘူး ဆိုတာပါပဲ။

အမေရိကန်က မာဒူရိုကို ဖမ်းလိုက်လို့ အာဏာရှင်တယောက် လျော့သွားတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကမ္ဘာ့အစီအစဉ်ကြီး တခုလုံးပါပဲ။ ဥပဒေဆိုတာ မရှိတော့ရင်၊ အမှန်တရားဟာ “အင်အား” (Power) တခုတည်း ဖြစ်သွားတော့မှာပါ။ အင်အားကသာ အမှန်တရား ဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ... နိုင်ငံငယ်လေးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် လုံခြုံမှုဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

ကျနော်တို့ဟာ ၂၁ ရာစုရဲ့ ခေတ်မီနည်းပညာတွေ ရရှိ၊ ကိုင်ဆောင်၊ သုံးစွဲ ဆောင်ထားပေမဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကတော့ ကျောက်ခေတ်က “လူသားစား တောရိုင်းခေတ်” ဆီကို ပြန်လည် ဦးလှည့်သွားပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာ သုံးသပ် တင်ပြလိုက်ရပါတယ်။

တင်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013