
အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၁၁ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက မဲဆန္ဒရှင်ပြည်သူတွေကို ခြိမ်းခြောက်ပြီး မဲပေးခိုင်းတဲ့ ဖြစ်စဉ်တွေရှိတဲ့အကြောင်း မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ ဦးမောင်မောင်ကို သတင်းထောက် မြတ်သဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ဒီကနေ့ ရွေးကောက်ပွဲ အပိုင်း-၂၊ မဟာအောင်မြေမှာ မဲပေးမှုအခြေအနေတွေ ဘယ်လိုရှိပါသလဲ။
ဖြေ။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မပေးမနေရ သဘောမျိုး သူတို့က ပြောထားတယ်။ မြို့နယ်မှာ နေတဲ့သူတွေအားလုံး မပေး မနေရ။ မဟာအောင်မြေ ကျောက်ဝိုင်းထဲက လူတွေတောင်မှ မဲပေးတာမျိုးရှိတယ်ထင်အောင် ကျောက်ဝိုင်းကိုတောင် မပိတ်ဘဲ ဖွင့်ထားတယ်။”
မေး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲမပေးမနေရ ပြောထားတယ်ဆိုတော့ လူတွေက စိုးရိမ်ပြီး မဲသွားပေးတာမျိုး ရှိသလား။
ဖြေ။ “ကြောက်လို့ သွားပေးရတာ အများစုက။ နေသာအောင် နေတဲ့သူတွေကတော့ နေရတာပဲ။ နယ်မြေခံတွေကျတော့ သူတို့က ၁၈ နှစ်အထက်တွေရယ် မဲမပေးရင်၊ လူငယ်တယောက်ကို မေးကြည့်တော့ မဲမပေးရင် စစ်မှုထမ်းထဲ ခေါ်ခံရမှာတဲ့။ မဲမပေးလို့ မရဘူးတဲ့။ ဒါနဲ့ မင်း မဲပေးခဲ့လားဆိုတော့ မပေးလို့မရဘဲနဲ့ ပေးရတာပေါ့တဲ့ အဲဒီလို။”
မေး။ လုံခြုံရေးတွေ ချထားတယ်လည်း ကြားတယ်ပေါ့။ ဘယ်လိုအခြေအနေတွေ ရှိပါသလဲ။
ဖြေ။ “လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ် ချထားတယ်။ အခု မဲပေးတဲ့သူတွေကလည်း မဖြစ်မနေ ပေးကြရတာပဲ။ ဧည့်စာရင်းစစ်မှာတွေရော၊ စစ်မှုထမ်းခေါ်မှာတွေရော အခုက အုပ်ချုပ်ရေးမှူးတွေကတဆင့် ခြိမ်းခြောက်ထားတာလေ။ တကယ့်တကယ်ကျ ပြည်သူတွေရဲ့ အပြစ်တော့ မဟုတ်ဘူးပေါ့။ ဒီလို မဲပေးကြရတာက အနီးအနားက အန္တရာယ်လည်း ကြည့်ရှောင်ရသေးတာကိုး။ မလွှဲသာမရှောင်သာ ပေးကြရတဲ့သူတွေလည်း ရှိတယ်။ အဓိကက အဲဒီလိုလူတွေက ပေးကြရတာပါ။ ရှောင်လို့ရတဲ့သူတွေကတော့ ရှောင်ကြပါတယ်။ စိတ်ဝင်စားမှုကတော့ ဘယ်သူမှ မရှိဘူး။ မတတ်သာလို့ပေါ့။ ဈေးရောင်းတဲ့သူတွေကျတော့ ဈေးတွေ အကုန်ပိတ်ပစ်တာပေါ့။ မဲပေးဖို့ သူတို့က အာရုံစူးစိုက်အောင် အဲဒီလိုမျိုး လုပ်လိုက်တဲ့သဘောပါ။”


