
မီးလောင်မှုဖြစ်ပြီး နေအိမ် ၆၀ ဝန်းကျင် ဆုံးရှုံးသွားတဲ့ မွန်ပြည်နယ်၊ မုဒုံမြို့နယ်က ကတုံးပေါ်ကျေးရွာမှာ ဒီနေ့ ဇန်နဝါရီ ၁၁ ရက်က မဲရုံတည်ပြီး ရွေးကောက်ပွဲလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက ကတုံးပေါ်ကျေးရွာမှာ မီးလောင်ကျွမ်းတာကြောင့် အိမ်ခြေ ၆၀ နီးပါး ဆုံးရှုံးခဲ့ပြီး ဒီနေ့မှာတော့ ကျေးရွာစာသင်ကျောင်းမှာ မဲရုံတည်ကာ မဲထည့်ခိုင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကတုံးပေါ်ကျေးရွာ ဒေသခံတယောက်က “ဒီနေ့ မဲထည့်နေကြတယ်။ ရွာစာသင်ကျောင်းမှာ မဲရုံထားတာ။ မီးဘေးသင့်ဒေသခံတွေကိုတော့ လာရောက်ထောက်ပံ့တဲ့သူတွေတော့ အများကြီးပဲ။ ဆန်၊ ကြက်ဥနဲ့ တခြားစားသောက်ကုန်တွေ၊ အဝတ်အစားတွေ ပေးနေတယ်” လို့ DVB ကို ပြောပါတယ်။
ကတုံးပေါ်ကျေးရွာ မီးလောင်မှုဖြစ်လို့ မီးဘေးသင့် အိမ်ထောင်စုပေါင်း ၅၇ စုရှိပြီး မီးဘေးသင့်ပြည်သူ ၂၀၀ ကျော် ရှိတာကြောင့် လက်ရှိ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ပဲခူး၊ မကွေး၊ ရှမ်း၊ ဧရာဝတီ၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတွေက မြို့နယ်ပေါင်း ၉၀ နီးပါးမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။


