
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ထဲက စစ်တပ် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေတဲ့ မင်းလှမြို့ပေါ်မဲရုံနားမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မင်းလှမြို့နယ်-ပကဖ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
ဒါ့အတူ ရွေးကောက်ပွဲနေ့မတိုင်ခင် ဇန်နဝါရီ ၁၀ ရက် ညကလည်း မင်းလှမြို့နယ်၊ လက်ပံကျော်အုပ်စု၊ အမှတ် ၁ မဲရုံစောင့် စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း သိရပါတယ်။
မင်းလှမြို့နယ်-ပကဖ ပြန်ကြားရေးတာဝန်ခံက “ဗုံးခွဲတိုက်ခိုက်တာတော့ မဲရုံလုံခြုံရေးယူကြတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတွေကိုပါ။ ထိခိုက်မှုရှိတယ် ကြားပေမဲ့ သေဆုံးသတင်းတော့ မကြားဘူး။ ဖြစ်စဉ် ၂ ခုလုံးမှာ ပြည်သူ ထိခိုက်မှုမရှိပါဘူး။ စခ (စစ်ကောင်စီတပ်) အင်အား ၃၀၀ လောက်နဲ့ မင်းလှမြို့နယ်မှာ ပတ်ကင်းလှည့်နေတာမို့ (ဓာတ်ပုံ) မရိုက်လိုက်ရဘူး။ အချိန်လု လုပ်ရတာမို့၊ မနေ့တည်းက ကြိုတင်မဲတွေ ပေးခိုင်းနေတာ” လို့ ပြောပါတယ်။
ဒါ့အတူ စစ်ကောင်စီလက်အောက်ခံ တချို့အုပ်ချုပ်ရေးမှူးတွေက ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက ပြည်သူတွေကို မဲလာထည့်ဖို့ ပြောနေသလို မထည့်ရင် စစ်မှုထမ်းရမယ်ဆိုပြီး ခြိမ်းခြောက်တဲ့အကြောင်း ဒေသခံတယောက်ကလည်း ပြောပါတယ်။
မင်းလှမြို့နယ်ထဲ ရိုးမနဲ့နီးစပ်တဲ့ နေရာတွေက ကျေးရွာအုပ်စု ၉ ခု၊ ရွာပေါင်း ၃၀ ကျော်လောက်က ပြည်သူတွေ စစ်ရှောင်နေကြပြီး အဲဒီဒေသခံတွေကို နေအိမ်ပြန်ဖို့ စစ်တပ်က ပြောနေသလို ကိုယ်ရောက်တဲ့ဒေသမှာ မဲပေးရမယ်လို့ ပြောတဲ့အကြောင်း သိရပါတယ်။
အဲဒီရွာတွေကတော့ စမ်းဘုတ်အုပ်စု၊ ခွက်မအုပ်စု၊ ရွေးကုန်းအုပ်စု၊ ကျောင်းရွာအုပ်စု၊ ထောက်ကြန့်အုပ်စု၊ စမ်းတောင်ကွေ့အုပ်စု၊ ဦးတိုကညင်ပင်အုပ်စု၊ ဂန့်ဂေါ်ပင်အုပ်စု၊ အင်ကြင်းကုန်းအုပ်စု အပါအဝင် ရိုးမနဲ့နီးစပ်တဲ့ နေရာတွေက ဒေသခံတွေ စစ်ရှောင်နေရတာလို့ မြို့နယ် ပကဖက ဆိုပါတယ်။
ပဲခူးတိုင်းထဲ တိုက်ပွဲတွေ ဆက်ရှိနေပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဖြူးမြို့နယ်ထဲက ဆားဂွန်းရွာနားမှာရှိတဲ့ စစ်တပ်စခန်းတခုကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။
စိုးသူအောင်


