
ရန်ကုန်တိုင်း၊ ၁၆ မြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်က ကျင်းပတာမှာ စစ်ခေါင်းဆောင်က ရန်ကုန်က မဲရုံတွေကို လာကြည့်ဖို့ ရောက်ရှိနေတဲ့အတွက် လုံခြုံရေးအထပ်ထပ် တင်းကျပ်ချထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပနေတဲ့ လသာ၊ လှိုင်နဲ့ အင်းစိန်မြို့နယ်တွေထဲက မဲရုံတချို့ကို လာကြည့်ခဲ့တဲ့အတွက် ပထမပိုင်းကထက် ပိုတင်းကျပ်တဲ့ လုံခြုံရေးတွေ အထပ်ထပ်ချထားကြောင်း လသာမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
“လက်ရှိ မြို့ထဲက အပိုင်း ၂ မှာပါတဲ့ နေရာတွေမှာ လုံခြုံရေးကို တော်တော်လေးကို တင်းကျပ်ထားတယ်။ အပိုင်း ၁ ထက်ပိုပြီး တင်းကျပ်ထားတယ်။ မဲရုံရှိတဲ့လမ်းဆို လမ်းမကြီး လမ်းသွယ်ဖြစ်ဖြစ် တလမ်းလုံးကို ပိတ်လိုက်တာ၊ ဓမ္မာရုံဆိုလည်း ဓမ္မာရုံရှိတဲ့လမ်း တလမ်းလုံးကို ပိတ်လိုက်တာ။ ၁၀ မိနစ်နေ တခါ၊ ၁၅ မိနစ်နေတခါ၊ နာရီဝက်နေရင်တခါ ကင်းတွေလှည့်တယ်။ ရဲကား စစ်ကားတွေ လှည့်တယ်။ စစ်ကားတွေကလည်း တခါတခါလှည့်ရင် တစီးမဟုတ်ဘူး၊ နှစ်စီး သုံးစီး လှည့်တာ။ နောက် လူကြီးတွေလာကာနီးဆိုရင် ရပ်ကွက်ထဲကလူတွေ ခေါ်ပြီးတော့ လူများပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်တာ။ အကြောက်တရားနဲ့ လိမ်ဆင်တွေလုပ်တာ တအား ပေါ်လွင်လွန်းအားကြီးတယ်။”
လသာမြို့နယ်မှာ မနက် ၁၁ နာရီအထိ မဲလာပေးသူ ၄၀၀ နီးပါးသာရှိပြီး မဲပေးဖို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေက တိုက်ခန်းတွေကို လိုက်လံနှိုးဆော်နေပေမဲ့ မဲပေးသူ နည်းပါးကြောင်းလည်း သိရပါတယ်။
ပုဇွန်တောင်မြို့နယ်ထဲက ရပ်ကွက်တွေထဲမှာတော့ လူတိုင်းမဲပေးကြဖို့ ကားနဲ့ လိုက်လံကြေညာထားတဲ့အတွက် အများစုကတော့ မနက်အစောပိုင်းမှာ မဲလာပေးကြတာ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါ့အပြင် မဲလာပေးသူတချို့ကို မဲစာရင်းနံပါတ်မသိတဲ့ မဲပေးခွင့်မရဘဲ ပြန်လွှတ်တာတွေရှိတယ်လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် မဲမပေးရင် မှတ်ပုံတင်မလုပ်ပေးတာ၊ ပြည်ပထွက်ခွင့်ပိတ်ပင်တာ စတဲ့ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးရမဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတာကြောင့် လူငယ်တချို့က မဲပေးဖို့ စိတ်မဝင်စားပေမဲ့လည်း မဲလာပေးနေရကြောင်း လှိုင်မြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
“ဒီနေ့ ရွေးကောက်ပွဲမှာ လှိုင်က ပါတယ်။ မင်းအောင်လှိုင် မအလလည်း လာတယ်ဆိုတော့ လာတဲ့ရုံမှာတော့ သူတို့လူ နည်းနည်းတော့ ရှိမှာပေါ့။ လူစိတ်ဝင်စားမှုကတော့ မြင်နေရတဲ့အတိုင်းပဲ ဘယ်သူမှ စိတ်ဝင်စားမှုမရှိဘူး။ တချို့ မဲပေးတယ်ဆိုတာလည်း အစိုးရဝန်ထမ်းတွေ ပေးတယ်၊ လူကြီးပိုင်းတွေ တချို့ပေးတယ်။ လူငယ်တွေကတော့ ရှင်းတယ်၊ မဲပေးတဲ့အနည်းငယ်ကလည်း နိုင်ငံခြားသွားရင် အရစ်ခံရမယ် ဘာညာ အသံထွက်ထားတော့ အဲဒါတွေ ကြောက်ပြီးတော့ မဲလာပေးတာ ရှိပါတယ်။ ကျနော်ကတော့ ရွေးကောက်ပွဲကို အမှန်တိုင်းပြောရရင် စိတ်ဝင်စားမှု မရှိဘူး။ သူ့ဟာသူပြီးသွားမှာပဲ။ သူတို့ဘာသာပဲ အောင်မြင်တယ်ဆိုပြီး လုပ်သွားမှာပဲ။ ဘာမှတော့ မထူးဆန်းတဲ့ ရွေးကောက်ပွဲလို့ပဲ ပြောရမယ်။”
စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ ရန်ကုန်က ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်တို့မှာ မဲရုံ ၁,၁၇၁ ရုံနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဝေဝေ


