
ဆီးရီးယားနိုင်ငံမှာ အခုသီတင်းပတ်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ အလက်ပိုမြို့ရှိ ကာ့ဒ် ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များ (SDF) တွေဟာ မြို့ကနေထွက်သွားဖို့ တောင်းဆိုထားတဲ့ ဒမတ်စ်ကပ်စ်အစိုးရ ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်တွေကို ငြင်းပယ်လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ညတွင်းချင်း ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးမှာ ကာ့ဒ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အရှေ့မြောက်ပိုင်းကို ဆုတ်ခွာဖို့ တောင်းဆိုထားပြီး အလက်ပိုမြို့ရှိ ရှိက်ခ် မက်ဆော့ဒ်နဲ့ အက်ရှ်ရာဖီယာ ခရိုင်တွေကို စီမံခန့်ခွဲတဲ့ ကာ့ဒ်ကောင်စီတွေကတော့ ထွက်ခွာဖို့ တောင်းဆိုချက်ဟာ “လက်နက်ချဖို့ တောင်းဆိုမှု” ဖြစ်တယ်လို့ ပြောပါတယ်။
အစိုးရတပ်ဖွဲ့တွေဟာ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်တယ်လို့ ကာ့ဒ်တပ်ဖွဲ့တွေက စွပ်စွဲထားပြီး သူတို့ရဲ့ ရပ်ကွက်တွေကို ကာကွယ်မယ်လို့ ပြောပါတယ်။
အလက်ပိုမြို့ အကြမ်းဖက်မှုကြောင့် အနည်းဆုံး အရပ်သား ၉ ယောက် သေဆုံးပြီး လူပေါင်း ၁၄၀,၀၀၀ ကျော်ဟာ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။
ကာ့ဒ်တပ်ဖွဲ့တွေဟာ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ စစ်ပွဲအစောပိုင်းကာလတွေကတည်းက သူတို့ထိန်းချုပ်ထားတဲ့ ရပ်ကွက်အများအပြားကို လက်မလွတ်အောင် ဆက်လက်ထိန်းထားဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
အစိုးရရော ကာ့ဒ်တပ်ဖွဲ့တွေပါ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ ထိခိုက်ကျဆုံးမှု အရေအတွက်ကို မကြေညာခဲ့ပါဘူး။
ကာ့ဒ်အဖွဲ့တွေဟာ မြို့ကိုဆုတ်ခွာဖို့ ဒမတ်စကတ်စ်က ကြေညာထားတဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းကမ်းချက်တွေကို ငြင်းပယ်ခဲ့ပြီးနောက်မှာ ဆီးရီးယားစစ်တပ်ဟာ ရှိက်ခ် မက်ဆော့ဒ်ရှိ ဒေသတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပြီး ဒေသခံတွေကို ထွက်ခွာကြဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အလက်ပိုမြို့ အကြမ်းဖက်မှုဟာ ဆီးရီးယားနိုင်ငံကို ပျက်စီးဆုံးရှုံးမှု များပြားစေခဲ့တဲ့ စစ်ပွဲအပြီး ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေချိန်မှာ နိုင်ငံအတွင်းရှိ အဓိက ပဋိပက္ခလိုင်းတခု ထင်ထင်ရှားရှား ပေါ်ထွက်လာတာဖြစ်ပြီး အထူးသဖြင့် သမ္မတ အာမက်ဒ် အယ်လ်ရှာရား ဦးဆောင်တဲ့ အစ္စလာမ္မစ်အစိုးရက ဗဟိုအုပ်ချုပ်ရေးအာဏာအောက်မှာ က့ာဒ်တပ်ဖွဲ့တွေကို ထားရှိချင်နေမှုကို က့ာဒ်တပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
Source: Reuters


