
ပြည်ပတင်ပို့မဲ့ ဆန်စပါးအထူးပြုဇုန်တွေအတွက် စစ်ကောင်စီက ကျပ်ငွေ ၈၅ ဘီလီယံ သုံးစွဲသွားဖို့ ရှိနေပြီး ဒီအခြေအနေမှာ တောင်သူ အကျိုးအမြတ်ရှိအောင် ပြည်ပတင်ပို့တဲ့ ကုမ္ပဏီတွေက ဝန်ဆောင်ခသာယူပြီး ဆောင်ရွက်သွားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
စပါးအမျိုးအစား အများအပြား စိုက်ပျိုးထုတ်လုပ်ရာကနေ ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ဆန်အရည်အသွေး ကျဆင်းလာတာ၊ ဓာတ်ကြွင်းတွေ တွေ့ရှိလာတာက Rice Export Zone ဖြစ်လာစေတဲ့ အကြောင်းအရင်းတခုဖြစ်လို့ လက်ရှိ ၂၀၂၆ နွေစပါးရာသီကနေ အဲဒီဇုန်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆန်စပါးအသင်းချုပ်နဲ့ နီးစပ်သူတယောက်က “အခုက Export Zone အတွက် သတ်သတ် ဘတ်ဂျက်နဲ့ သွားတာ။ လယ်ဘဏ်တို့က သူတို့အပိုင်းနဲ့သူတို့ သွားလိမ့်မယ်။ အစိုးရ ရင်းနှီးမြှုပ်နှံမှု ထပ်ထည့်ပေးတာ။ ထပ်ထည့်ပေးတာ။ အခု ဒါ ဒီနွေစပါးမှာ စလုပ်မှာပေါ့။ နွေစပါးမှာ စလုပ်မယ်။ ဧက ၃၄၀,၀၀၀ လျာထားပါတယ်။ စပါးအမျိုးအစားတွေကတော့ ကျနော်တို့ Export Zone အတွက် သတ်မှတ်ထားတဲ့ စပါးအမျိုးအစားတွေ ရှိပါတယ်။ ဧက ၃၀၀ တဆက်တစပ်တည်းက ကြားက ဧကနည်းနည်း ဝင်ဝင်ပါတာတွေရှိတော့ ဧက ၁၀၀ တဆက်တစပ်တည်း လုပ်လို့ရပါတယ်။ နောက်ပြီး မျိုးတွေ၊ စပါးမျိုးကတော့ ကျနော်တို့ ရှိတာတော့ ပေးထားတာ မျိုး ၁၄ မျိုးလောက် ရှိပါတယ်။ အဲဒီထဲမှာမှ ဒေသနဲ့ကိုက်ညီတဲ့ ၃ မျိုး လောက်ကို စိုက်ဖို့ရှိပါတယ်။ ပြောမယ်ဆိုရင် Exporter နဲ့ တောင်သူ တိုက်ရိုက် ချိတ်ဆက်ပြီးတော့ Export Zone လုပ်ငန်း အကောင်ထည်ဖော်တာပါ။ ကျနော်တို့ MRF တို့ကတော့ ကြီးကြပ်ပေးရတာပါ” လို့ ပြောပါတယ်။
အဲဒီ Rice Export Zone တွေမှာ စိုက်ပျိုးဖို့အတွက် စပါးမျိုး ၁၂ မျိုးကို ရွေးချယ်ထားပြီး ဆင်းသုခ၊ ရက် ၉၀၊ GW – 11၊ အောင်နိုင်တိုး၊ နှံကောက်၊ ရတနာတိုး၊ သီးထပ်ရင်၊ မှော်ဘီ - ၂၊ မှော်ဘီ - ၃၊ ကရင်မ၊ ထွန်းပု၊ ငစိန်ရာကျော်တို့ ပါဝင်ပါတယ်။
REZ အတွက် လယ်မြေသီးသန့် ဖော်ထုတ်သွားမှာ မဟုတ်ဘဲ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ နေပြည်တော်ရှိ စပါးစိုက်ဧကတွေထဲက ဒေသရေမြေနဲ့ ကိုက်ညီတဲ့ လယ်မြေတွေမှာ အဲဒီ စပါးမျိုး ၁၂ မျိုးထဲက ၃ မျိုးကို တကွင်း တစပ်တည်း ဧက ၁၀၀ စိုက်ပျိုးနိုင်မဲ့ တောင်သူတွေက REZ မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာတော့ မြို့နယ် ၁၀ မြို့နယ်ကို လျာထားတယ်လို့ ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်သွားမဲ့ ပို့ကုန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“အစ်ကိုတို့ ရန်ကုန်တိုင်းမှာကတော့ ထန်းတပင်၊ ဥက္ကံ၊ သန်လျင်၊ လှည်းကူး၊ ကွမ်းခြံကုန်း၊ တိုက်ကြီး၊ မှော်ဘီ၊ ကော့မှူး၊ ကျောက်တန်း၊ သုံးခွ။ အဲဒီဒေသတွေမှာပေါ့နော်၊ ကုမ္ပဏီ အခုလျာထားတဲ့ ကုမ္ပဏီက ရန်ကုန်တိုင်းမှာ စိုက်ဖို့က ၂၁ ကုမ္ပဏီပေါ့၊ အခုစတာက။ ဒါပေမဲ့ တကယ်တမ်းကျရင်တော့ ကုမ္ပဏီတွေက ထပ်ပြီးတော့ တိုးလာနိုင်သေးတာပေါ့။ ပါဝင်ဆောင်ရွက်မဲ့ ကုမ္ပဏီကတော့ အခုလက်ရှိ Export လုပ်နေတဲ့ ကုမ္ပဏီတွေပဲပေါ့နော်။ Export Zone ဖြစ်တဲ့အတွက်ကို တားဂတ်ထားတာကတော့ လုပ်ဆောင်ရမဲ့လူတွေကတော့ Exporter ကုမ္ပဏီတွေပဲပေါ့။”
စစ်ကောင်စီက တဧက ၂ သိန်းခွဲနှုန်းအတွက် သုံးစွဲမဲ့ ဧကပေါင်း ၃၄၀,၀၀၀ ကျော်အတွက် ကျပ်ငွေ ၈၅ ဘီလီယံကို ထုတ်ချေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော Rice Export Zone အတွက် လယ်ဧက ၃၄၀,၀၀၀ လျာထားပြီး အဲဒီမှာ စိုက်ပျိုးသူ တောင်သူတွေအတွက် စစ်ကောင်စီက စိုက်ပျိုးစရိတ် ကျပ် ၂ သိန်းခွဲကို အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ စပါးပေါ်ပေး ချေးပေးသွားမှာဖြစ်ပြီး အဲဒီအတိုးနှုန်းကို အိတ်စ်ပို့တ်တာကုမ္ပဏီက ကျခံသွားမှာ ဖြစ်ပါတယ်။
တောင်သူတွေ သုံးစွဲရမဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ သွင်းအားစုတွေကိုလည်း ဧက ၃၀၀,၀၀၀ ကျော်အတွက် အကြွေးစနစ်နဲ့ပေးမဲ့ သွင်းအားစုကုမ္ပဏီတွေကနေ အချိန်ခါမီရရှိဖို့ အိတ်စ်ပို့တ်တာ ကုမ္ပဏီတွေဘက်က ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
REZ တွေက ထွက်လာတဲ့ စပါးတွေကို အိတ်စ်ပို့တ်တာကုမ္ပဏီတွေက ပြန်လည်ဝယ်ယူရာမှာတော့ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူသွားမှာဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
ကျပ်ငွေ ၁ ဘီလီယံနီးပါး ငွေကြေးစိုက်ထုတ်တဲ့ REZ လုပ်ငန်းမှာ အဘက်ဘက်က ခြွတ်ခြုံကျနေတဲ့ လယ်သမားတွေအကျိုးကို ထောက်ရှုတဲ့အနေနဲ့ စပါးပေါ်ချိန်မှာ ဒေသစက်ပိုင်တွေဆီမှာ ကြိတ်ခွဲပြီး ပြည်ပတင်ပို့ရောင်းချတဲ့လုပ်ငန်းကို အိတ်စ်ပို့တ်တာတွေက ဝန်ဆောင်ခတခုနဲ့သာ ဆောင်ရွက်ပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြ ပြောဆိုထားပါတယ်။
“တကယ် Export Zone ဆိုတာ အစိုးရက ဘယ်သူ့အကျိုးစီးပွားကိုကြည့်ဖို့ နံပါတ်တစ် ရည်ရွယ်ချက်၊ Export Zone တွေကို ဆင်းလုပ်ပေးခြင်းအားဖြင့် တောင်သူတွေဟာ လက်ရှိ ပေါက်ဈေးတွေကို အကျိုးခံစားခွင့်ကို ရစေချင်လို့ဆိုတဲ့ အကျိုးခံစားခွင့်။ ဆိုလိုတာက တောင်သူက စပါးကို Export Zone မှာလာလုပ်တဲ့ ခေါင်းဆောင်တွေကို စပါးအပ်လိုက်၊ ဈေးလည်း ဖြတ်မပေးနဲ့၊ ဘာမှ လုပ်မပေးနဲ့။ စပါးဘယ်နှတင်းဆိုပြီး အပ်လိုက်။ အဲဒီကထွက်တဲ့ဟာကို စာရင်းရှင်းပေး။ ဟိုးပြန်လာတဲ့ NA ကိုပါ။ ထားပါတော့ နိုင်ငံခြားကို ရောင်းရတဲ့ NA ရဲ့တန်ဖိုးသည် စပါးတတင်းမှာ ၁ ဒေါ်လာဆိုလည်း ၁ ဒေါ်လာရှင်းပေး။ သူတို့က အဲဒီအတွက်ကိုဆောင်တဲ့ အကျိုးဆောင်ခကို ဖော်ဆောင်တဲ့ကုမ္ပဏီကယူ။ ဒါမှ လယ်သမားရမှာ။”
မြန်မာ့ဆန်ဟာ မျိုးကွဲအများအပြားနဲ့ မျိုးရောစပ်မှုတွေကြောင့် အရည်အသွေးသတ်မှတ်မှု အပိုင်းမှာ ပြဿနာများစွာနဲ့ ရင်ဆိုင်နေရသလို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတဲ့ ဆေးဝါးတွေ သုံးစွဲရာမှာလည်း စပါးကရတဲ့ အကျိုးအမြတ် နည်းပါးတာကြောင့် စနစ်တကျ မသုံးစွဲနိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ဆန်နဲ့ ပေါင်းဆန်အပြင် ပြည်ပပို့ကုန်သီးနှံအမယ် ၅ မျိုးအထိ ဓာတ်ကြွင်းပြဿနာကြောင့် ဈေးကွက်ထိခိုက်မှုနဲ့ ကြုံတွေ့လာရပါတယ်။
ဒါကြောင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုးအထိ ရရှိလာတဲ့ ဆန်နဲ့ ဆန်ကွဲအတွက် ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် Rice Export Zone တွေ ဖော်ဆောင်ဖို့ စစ်ကောင်စီက ကျပ်ငွေ ၈၅ ဘီလီယံ ထုတ်သုံးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
REZ ဖော်ဆောင်မဲ့လုပ်ငန်းမှာ ဒီကရတဲ့ အကျိုးအမြတ်ဟာ မူလ စိုက်ထုတ်ရင်းနှီးသုံးစွဲရသူ ဖြစ်ပြီး ရာသီဥတု ဖောက်ပြန်တဲ့ဒဏ်၊ လူသုံးကုန်၊ စားကုန်၊ ဆေးဝါးအပြင် စိုက်ပျိုးရေးသွင်းအားစု အမျိုးမျိုးရဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ခါးစည်းခံရပြီး စပါးဈေးကျတဲ့ဒဏ်ကိုပါ တိုက်ရိုက်ခံစားနေရတဲ့ လယ်သမားတွေအတွက် အကျိုးအမြတ် ပိုမိုရရှိအောင် ကျွမ်းကျင်သူတွေက ထောက်ပြလာကြတာပဲ ဖြစ်ပါတယ်။


