မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မိုးစပါးအထွက်နှုန်းကျဆင်းပြီး ပွဲစားတွေက စပါးကို ဈေးကောင်းပေး ဝယ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ်မိုးရာသီမှာ မိုးနည်းတာ၊ လယ်မြေထဲမှာထည့်ရတဲ့ ဓာတ်မြေဩဇာဈေးတွေကြီးမြင့်လို့ မသုံးနိုင်တာတွေကြောင့် စပါးအထွက်နှုန်းကျဆင်းပြီး အရင်နှစ်တွေက တဧကကို စပါး တင်း ၈၀ ကနေ ၁၀၀ ကြားထွက်ခဲ့ပေမဲ့ အခုနှစ်မိုးစပါးမှာတော့ တဧကကို စပါးတင်း ၅၀ ကနေ ၇၀ ဝန်းကျင်ပဲ ထွက်ရှိတယ်လို့ဆိုပါတယ်။
ဂန့်ဂေါနယ်တောင်ပိုင်းက ဒေသခံ တောင်သူတယောက်က “ဒီနှစ်က စပါးတွေက ထွက်နှုန်းတွေက ကျတယ်။ ပြီးတော့ ဓာတ်မြေဩဇာကျွေးတဲ့အချိန်တုန်းကဆိုရင်လည်း ဓာတ်မြေဩဇာ ဈေးနှုန်းတွေက များပြီးတော့ တောင်သူဘက်မှာကျတော့ စပါးထွက်နှုန်း အခြေအနေတွေကျပြီး အရှုံးပေါ်တာပေါ့နော်။ အဲဒီပြဿနာလေးတွေ ရှိတယ်။ ဓာတ်မြေဩဇာ မကျွေးနိုင်လို့ရော၊ ပြီးတော့ မိုးကောင်းလယ်လို့ ခေါ်မှာပေါ့ဗျာ။ ချောင်းရေကို တင်လို့မရဘဲနဲ့ ဒီမိုးရွာမှ စိုက်ပျိုးရတဲ့ လယ်တွေအတွက်ကျတော့ မိုးကျလာတာ နောက်ကျတဲ့အတွက် ဒီစိုက်ပျိုးမှုက နောက်ကျပြီးတော့မှ အထွက်နှုန်းကျသွားတာလည်း ရှိတယ်လေ” လို့ ပြောပါတယ်။
ဂန့်ဂေါနယ်မှာတော့ ဆင်းသုခနဲ့ ဧရာမင်းစပါးကိုပဲ အစိုက်များပြီး လက်ရှိမှာ ဆင်းသုခစပါး တတင်းကို ၂၅၀၀၀ ကျပ်၊ ဧရာမင်းတတင်းကို ၃၀၀၀၀ ကျပ်ဝန်းကျင်ထိ ပေါက်ဈေးရှိနေပြီး စပါးအထွက်နှုန်းကျတာကြောင့် ရောင်းသူရှားပြီး ဝယ်သူများနေတယ်လို့ဆိုပါတယ်။
ဂန့်ဂေါနယ်၊ မွှေ့လယ်ရွာသား ဒေသခံတယောက်က “ဒီဘက်မှာက ဟို ပိုက်ဆံတွေက ကြပ်ကျတော့ စီးပွားရေးကြပ်တော့ စပါးတွေကို ထုတ်ရောင်းတာက ဒီဘက်မှာ စပါးပါရှားတဲ့ အနေအထားထိ ရှိတယ်။ အခုစပါးရာသီမှာကိုက စပါးက ဝယ်မယ့်သူ ပေါတယ်။ ဘယ်လို ပြောမလဲ ရောင်းမယ့်ဟာက ကိုယ့်အိမ်စားဖို့ချန်ပြီးတော့ အပိုအလျှံရောင်းမယ့်ဟာက နည်းနေတာ။ ပုံမှန်နှစ်ဆိုရင် များတာကို စပါးရာသီမှာက” လို့ ပြောပါတယ်။
အရင်နှစ်တွေက ဓာတ်မြေဩဇာ ပိဿာ ၃၀ ပါတဲ့ တအိတ်ကို ကျပ် ၈ သောင်းဝန်းကျင်ပဲရှိပြီး အခုနှစ်မှာ ဓာတ်မြေဩဇာ တအိတ်ကို ကျပ် ၂ သိန်းဝန်းကျင်အထိမြင့်တက်သွားတာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ ဓာတ်မြေဩဇာတွေ လုံလုံလောက်လောက် မသုံးနိုင်ခဲ့ဘဲ စပါးအထွက်နှုန်းနည်းရတာလို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ မြောက်ခင်ရန်းရွာ၊ ဂန့်ဂေါမြို့ ၅ မိုင်ပတ်လည်နဲ့ နီးတဲ့လယ်မြေတွေမှာလည်း ဒေသခံတွေက မစိုက်ပျိုးနိုင်ကြတာကြောင့် မြို့နယ်တွင်းမှာ စပါးဝယ်ယူသူ များပြားကြတာလို့ ဆိုပါတယ်။
မောက်လင်းရွာဒေသခံတယောက်က “ဂန့်ဂေါမြို့နဲ့ စစ်တပ်နဲ့နီးတဲ့တဝိုက်တွေကျတော့လည်း လုံးဝမှ စိုက်လို့မရဘူးပေါ့နော့။ အဲဒီလိုမျိုးတွေ စိုက်လို့မရတော့ကျ အဲဒီနားမှာ မစိုက်ရတဲ့ ရွာတွေက များတယ်ပေါ့နော့။ အခု မြောက်ခင်ရန်းနားမှာ ဆိုလို့ရှိရင်လည်း မစိုက်ရတဲ့ရွာတွေက များတယ်။ မသွားရဲကြဘူး။ မလုပ်ရဲကြဘူးပေါ့။ အဲဒါတွေမှာဆိုလို့ရှိရင် စပါးတွေ မလုပ်နိုင်ကြဘူးဆိုတော့ စပါးတွေက ဝယ်တဲ့သူတွေ ခဲနေတာပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်တယ်ဆိုတော့ ကျမတို့ ဈေးနှုန်းတွေက လုံးဝမကျဘူးပေါ့လေ” လို့ ပြောပါတယ်။
စပါးအထွက်နှုန်း ကျဆင်းပြီး စပါးဈေးကောင်းတာကြောင့် ဒေသတွင်း စစ်ဘေးရှောင်တွေနဲ့ လက်လုပ်လက်စားမိသားစုတွေ၊ စစ်ကောင်စီရဲ့ ရန်ကြောင့် လယ်မလုပ်ရတဲ့ တောင်သူတွေအတွက် စားရေးရိက္ခာ အခက်အခဲရှိနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဂန့်ဂေါနယ်မှာ မိုးစပါးနဲ့ နွေစပါးဆိုပြီး ရာသီအလိုက် တနှစ်ကို စပါး ၂ ကြိမ် စိုက်ပျိုးကြပေမဲ့ မိုးစပါးကိုပဲ တောင်သူတွေက အဓိကထား အစိုက်များကြပါတယ်။