ပြည်ပကနေ စားဆီတင်သွင်းရတာ လျော့ကျစေဖို့ လယ်သမားတွေအနေနဲ့ ဆီထွက်သီးနှံ နေကြာ စိုက်ကြဖို့နဲ့ မစိုက်ပါက လယ်သိမ်းတဲ့အထိ အရေးယူလို့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တောင်သူတွေကို ခြိမ်းခြောက်ပြောဆိုတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ကျုံပျော်ခရိုင်နဲ့ ဟင်္သာတခရိုင်က လယ်သမားတွေ၊ နယ်ခံတာဝန်ရှိသူတွေနဲ့ ကွင်းဆင်းတွေ့ဆုံရာမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ကျုံပျော်မြို့နယ်က ဒေသခံ တောင်သူတယောက်က “အခု ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ နေကြာစိုက်ဖို့ တိုက်တွန်းတာလေ။ စစ်ကောင်စီ လက်အောက်ခံပဲဆိုတော့ ခြိမ်းခြောက်သံ ပါတာပေါ့။ ပြည်ပကနေ စားဆီတင်သွင်းရတာ အောက်ကျလို့ ပြည်တွင်းမှာ စားဆီများများ ထုတ်လုပ်နိုင်ဖို့ဆိုပြီး နေကြာတွေစိုက်ခိုင်းတာ” လို့ ပြောပါတယ်။
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “တောင်သူတွေက သူတို့ဒေသ မြေအနေအထား၊ ရာသီဥတု၊ ကုန်ကျစရိတ်တွေ တွက်ချက်ကြည့်တော့ အဆင်မပြေလို့ နေကြာသီးနှံကို မစိုက်ကြတာ။ စားဆီရဖို့က စစ်ကောင်စီအတွက် အရမ်းခက်ခဲနေတော့ အဲဒါကို မစိုက်ရကောင်းလားဆိုပြီး ဖိအားပေး စိုက်ခိုင်းတာ၊ မနှစ်ကလည်း ဒီလိုပဲ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဒေသအများစုမှာ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးတဲ့အခါ ဖြစ်ထွန်းအောင်မြင်မှု အားနည်းတာကြောင့်နဲ့ စိုက်ပျိုးရေးကုန်ကျစရိတ်ကလည်း အခြားသီးနှံတွေ စိုက်ပျိုးတာထက် ပိုမိုကုန်ကျစရိတ်များလွန်းတာကြောင့် တောင်သူတွေက နေကြာမစိုက်ချင်ကြတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲက ဒေသခံ တောင်သူအများစုဟာ အရင်ကတည်းက စပါးစိုက်ပျိုးတဲ့လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဧရာဝတီတိုင်းထဲက လယ်သမားတွေကို စစ်ကောင်စီက ဖိအားပေး နေကြာစိုက်ခိုင်းခဲ့တာကြောင့် စိုက်ခဲ့တဲ့ နေကြာတွေကို ပြန်လည်ရိတ်သိမ်းတဲ့အခါ အထွက်နှုန်းမကောင်းဘဲ အရှုံးပေါ်ခဲ့သေးတယ်လို့ ဆိုပါတယ်။