Home
မြန်မာသတင်း
ထီးချိုင့်တွင် စပါးဝယ်သူမလာသဖြင့် တောင်သူများ အခက်တွေ့
DVB
·
December 30, 2024

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက စပါးတွေ ဝယ်ယူသူမလာလို့ စပါးစိုက်တောင်သူတွေ အခက်အခဲ ဖြစ်နေကြရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းက မိုးစပါးတွေကို အောက်တိုဘာဆန်းပိုင်းက စတင်ရိတ်သိမ်းကြရပြီး အခု ဒီဇင်ဘာလအထိ စပါးအရာင်းအဝယ်မရှိ ဖြစ်‌နေကြရတယ်လို့လည်း သိရပါတယ်။

ထီးချိုင့်မြို့နယ်၊ မန်ကျည်းပင်ရွာက တောင်သူတယောက်က “ကျနော်တို့ ထီးချိုင့်နယ်က တောင်သူတွေက ဆင်းသုခ၊ ဆင်းသုံး၊ မနောသုခ၊ မှော်ဖီနဲ့ ဧရာပဒေသာ စတဲ့ စပါးမျိုးတွေကို စိုက်ပျိုးကြတာဗျ။ မိုးစပါးပေါ့။ ပုံမှန်ဆိုရင် ကျနော်တို့ စပါးမျိုးတွေကို ဇွန်လလယ်က စတင်စိုက်ပျိုးကြရပြီး အောက်တိုဘာလကစပြီး ရိတ်သိမ်းကြပါတယ်ဗျ။ ရိတ်သိမ်းပြီး ၁၀ ရက်၊ ၁၅ ရက်လောက် စပါးကို နေလှန်း အခြောက်ခံပြီး စပါးကုန်သည်တွေက ရွာထိ လာဝယ်ကြတယ်။ ဒီနှစ်ကတော့ ဘယ်စပါး ကုန်သည်ပွဲစားတယောက်မှ လာမဝယ်ဘူး။ အဲဒီလို လာမဝယ်လို့ စပါးဂိုဒေါင်ထဲ စပါးတွေထည့်ထားရတယ်” လို့ ပြောပါတယ်။

အခုလို ထီးချိုင့်နယ်က စပါးတွေကို ပုံမှန် အရင်နှစ်တွေက မန္တလေးကတဆင့် တရုတ်ပြည်ကို အဓိက တင်ပို့ရောင်းချကြရတာလို့လည်း သိရပါတယ်။

ထီးချိုင့်မြို့နယ်၊ မဲဇာလေးရွာက တောင်သူတယောက်က “ဒီနှစ်က စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေလို့ ရေလမ်းရော၊ ကားလမ်းရော စတဲ့လမ်းတွေက ပိတ်တာတွေကလည်း စပါးကုန်သည်တွေ လာမဝယ်ရဲတဲ့အချက် ဖြစ်နိုင်ပါတယ်။ အခုလို စပါးမရောင်းရတော့ စားဝတ်နေရေးအတွက် အတော်လေးကို ဒုက္ခရောက်ရပါတယ်။ စပါးတဧကစိုက်ရင် ခေတ်ကောင်းတဲ့အချိန်က တဧကကို ၃ သိန်းနီးပါးလောက် ကုန်တယ်။ အခု တိုက်ပွဲဖြစ်နေတော့ မြေဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေက အဆမတန် ဈေးတက်တယ်ဗျ။ ဒီနှစ် စပါးစိုက်ရတာဟာ ပုံမှန်နှစ်တွေထက် ကုန်ကျစရိတ်က ၆ သိန်းကျော်၊ ၇ သိန်းနီးပါး ကုန်ကျလာတယ်” လို့ ပြောပါတယ်။

ဒေသခံတောင်သူတွေကတော့ စပါးရိတ်သိမ်းပြီးတဲ့ လယ်အတွင်းကို မြေပဲပြန်စိုက်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မြေပဲပြန်စိုက်ရာမှာ ရိတ်သိမ်းပြီးစပါးတွေကို ရောင်းချပြီး ရရှိလာတဲ့ ငွေကြေးနဲ့ အရင်းအနှီး ပြုလုပ်ပြီးမှ ပြန်လည်စိုက်ပျိုးရတာလည်း ဖြစ်ပါတယ်။

အခုလို ရိတ်သိမ်းပြီးစပါးကို ဝယ်ယူသူမရှိတာကြောင့် စားဝတ်နေရေးအပြင် ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013