
ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပြန်လည်ပါဝင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဘာစီလိုနာအသင်းနဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
ပြင်သစ်ကစားသမား အမ်ဘာပေဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပြက္ခဒိန်နှစ် တနှစ်အတွင်း သွင်းဂိုး ၅၉ ဂိုး သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ဒူးဒဏ်ရာကို ကုသနေရတာပါ။
သူဟာ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ၉ ပွဲအတွင်း သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စပိန်စူပါဖလား ဗိုလ်လုပွဲနဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲတွေမှာ ခါးသီးတဲ့ပြိုင်ဘက် ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပေမဲ့ အောက်တိုဘာလက ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


