
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေဟာ ဒူးဒဏ်ရာကြောင့် တနင်္ဂနွေနေ့ ဒီကနေ့ ကစားမဲ့ ရီးရဲလ်ဘက်တစ်နဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြ ဇာဘီအလွန်ဆိုက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပါတယ်။
ဒါပေမဲ့ အမ်ဘာပေဟာ လာမဲ့တပတ် အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားမဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ပါဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ နည်းပြက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေဟာ ဒီဇင်ဘာ ၂၀ ရက်က ဆီဗီလာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်အတွက် တနှစ်အတွင်း ၅၉ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ခရစ်စတီယာနို ရော်နယ်လ်ဒိုရဲ့ ကလပ်စံချိန်ကို လိုက်မီခဲ့သူ ဖြစ်ပါတယ်။
အခုချိန်မှာတော့ သူ့ရဲ့ ဘယ်ဘဏ်ဒူးမှာ ဒဏ်ရာရရှိထားတာကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။ အလွန်ဆိုရဲ့ ရီးရဲအသင်းဟာ နိုဝင်ဘာလမှာ ခြေစွမ်းမကျဆင်းမီအထိ ဇယားထိပ်မှာ ၅ မှတ်အသာနဲ့ ဦးဆောင်နေခဲ့တာပါ။
အဲ့ဒီနောက် လာလီဂါ ၃ ပွဲဆက် သရေကျခဲ့ပြီးနောက် ဒီဇင်ဘာလမှာ ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ ဘာစီလိုနာအသင်းက ၄ မှတ်အသာနဲ့ ကျော်တက်သွားခဲ့ပါတယ်။


