
ဇန်နဝါရီ ၁၁ ရက် ဒီနေ့ ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်တိုင်းက မြို့နယ် ၁၆ မြို့နယ်ပါဝင်နေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ မဲရုံတွေ လိုက်ကြည့်ဖို့ရှိတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဲဒီလို စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ် ရှိနေတာကြောင့် ရန်ကုန်မှာ မနေ့ကတည်းက လုံခြုံရေးအထူးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က "မဲရုံတွေ လိုက်ကြည့်မှာပေါ့နော်။ ဘယ်အချိန်သွားမယ်၊ ဘယ်နေရာတွေ သွားမယ်ဆိုတာတော့ လုံခြုံရေးအရပြောလို့မရပါဘူး"လို့ ပြောပါတယ်။
ဒီကနေ့ ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်တိုင်းအတွင်းက ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်တို့ ပါဝင်နေပြီး မနက် ၆ နာရီမှာ မဲရုံတွေ စဖွင့်နေပြီဖြစ်ပါတယ်။
အဲဒီ မြို့နယ် ၁၆ မြို့နယ်မှာ မဲရုံပေါင်း ၁,၁၇၁ ရုံ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၁၅ သိန်းကျော် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၁၀၀ မှာ ရွေကောက်ပွဲအပိုင်း ၂ ကို ကျင်းပမှာဖြစ်ပြီး ပြည်သူတွေ မဲထွက်ပေးကြဖို့ ဖိအားပေးခိုင်းစေတာမျိုးတွေရှိတယ်လို့လည်း သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတယောက်က "မနေ့က တနေကုန်နဲ့ ညကလည်း တညလုံးပဲ၊ စစ်ကားအကြီးအသေးတွေ ခြံရံပြီးတော့ လိုက်အော်နေတာ၊ မဲသွားပေးကြဖို့၊ အင်အားပြပြီးတော့ ဖိအားပေးနေတာ" လို့ ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၁၁ သန်းကျော်ရှိတဲ့အနက် မဲပေးသူ ၆ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောထားပါတယ်။
ဒီရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေ၊ ကြိုတင်မဲနဲ့ မဲပေးစက်ပြဿနာတွေ အပါအဝင် မဲမသမာမှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက တိုင်ကြားထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


