
ရန်ကုန်မြို့မှာ ၃ ရက်အတွင်း ကားမီးလောင်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး မီးလောင်ပျက်စီးတဲ့ကား ၄ စီး ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်းက ခရီးစဥ်ပြေးဆွဲဖို့ ဂိတ်ထိုးရပ်ထားတဲ့ Express ကားတစီး မီးလောင်ခဲ့တာ ရှိပါတယ်။
အဲဒီနေ့ နေ့လယ်မှာပဲ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာမှာ ရပ်ထားတဲ့ Express ကားတစီး မီးလောင်ခဲ့ရာကနေ အနားမှာရှိတဲ့ နောက်ထပ် Express ကားတစီးကိုပါ ကူးစက် မီးလောင်ခဲ့တယ်လို့ ပုလဲအရန်မီးသတ်ဆီက သိရပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ခုံးကျော်တံတားပေါ်မှာ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ကားတစီး မီးလောင်မှု ထပ်ဖြစ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မီးလောင်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်ထားတာ မရှိပေမဲ့ ဝါယာရှော့ကြောင့် လောင်တာ ဖြစ်မယ်လို့ ယူဆရကြောင်း မြို့နယ် မီးသတ်အရာရှိတယောက်က ပြောပါတယ်။
“အများသဖြင့် ဝါယာရှော့ဖြစ်ပြီး လောင်တာ တွေ့ရတယ်။ ပေါ့လျော့မှုကြောင့် ဖြစ်တာတွေ ရှိတယ်။ နှစ်အစမှာတင် ဒီလိုတွေဖြစ်နေတာ၊ ရှေ့ဆက် ရာသီဥတုပူလာရင် ပိုစိုးရိမ်ရတယ်။”
အခု ကားမီးလောင်မှု ဖြစ်စဥ်တွေမှာ လူထိခိုက်သေဆုံးတာ မရှိပေမဲ့ ကားပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကားမီးလောင်တဲ့ဖြစ်စဥ် ၁၀ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ တိုက်ကြေကား အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။


