
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲမှာ ဇန်နဝါရီ ၆ ရက် မနက်က Express ကား ၁ စီး မီးလောင်ခဲ့တယ်လို့ ကားဝင်းအတွင်း နေထိုင်သူတွေက ပြောပါတယ်။
မီးလောင်ချိန် ၁၅ မိနစ် နီးပါးကြာခဲ့ပြီး မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး အသုံးပြုငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။
မီးလောင်ခဲ့တဲ့ကားမှာ မနက်ပိုင်းထွက်မဲ့ ကားဖြစ်ပြီး ခြင်ဆေးခွေ ထွန်းထားတာကနေ လောင်တာ လို့ ယူဆရကြောင်း အဲဒီအနီးအနားမှာ နေသူတယောက်က ပြောပါတယ်။
“ကားတစီးလုံး ကုန်တာပဲ။ မနက်ထွက်မဲ့ကားဆိုတော့ ကုန်တွေ ညကတည်းက ကားဗိုက်ထဲအပြည့် တင်ထားတာ။ အဲဒါတွေလည်း ပါသွားတယ်။ ဒရိုင်ဘာက မျက်လုံးမီးဟပ်ခံရတယ်လို့ ပြောတယ်။”
အောင်မင်္ဂလာ အဝေးပြေးအတွင်း (ပ) ဝင်းမှာ ၂၀၂၄ ခု ဖေဖော်ဝါရီလကလည်း ယာဥ်လိုင်းဂိတ် ၁ ခု မနက်အစောပိုင်း မီးလောင်ခဲ့လို့ ဂိတ်ဝန်ထမ်း ၃ ယောက် သေဆုံးတဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။
ဒါ့အပြင် မင်္ဂလာဒုံမြို့နယ်၊ ၂/က ရပ်ကွက်မှာ ဇန်နဝါရီ ၄ ရက် ညနေက နေအိမ် ၁ လုံး မီးလောင်ခဲ့ပြီး ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းမှာ ညောင်ပင်မှတ်တိုင်အနီး မီးလောင်မှုဖြစ်ခဲ့ကာ အခုရက်ပိုင်းအတွင်း အဲဒီမြို့နယ်ထဲ မီးလောင်မူ ဆက်တိုက်ဖြစ်ပွားနေပါတယ်။


