
တောင်ကိုရီးယားဘက်ဒရုန်းတစင်း ဇန်နဝါရီ ၄ ရက်မှာ မြောက်ကိုရီးယားရဲ့ လေပိုင်နက်ထဲကို ထပ်မံပျံသန်းစေခဲ့ပြီး အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဇန်နဝါရီ ၁၀ ရက်မှာ ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဒရုန်းဟာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့အနီး ကျွန်းတကျွန်းကနေ ပျံတက်လာတာ ဖြစ်ပြီး မြောက်ကိုရီးယား လေပိုင်နက်အတွင်းကို ၈ ကီလိုမီတာခန့် (၅ မိုင်လောက်) ဝင်ရောက် ပျံသန်းခဲ့ပြီးနောက် ပစ်ချခံရတယ်လို့ မြောက်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး KRT ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။
KRT ရဲ့ ပြောကြားချက်အရ အဲဒီဒရုန်းမှာ မြောက်ကိုရီးယားရဲ့ အရေးကြီးတဲ့ အဆောက်အအုံတွေကို မှတ်တမ်းတင်ဖို့အတွက် စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
KRT မှာ ဖတ်ကြားခဲ့တဲ့ ကြေညာချက်အရ “နှစ်သစ်ကူးကတည်းက တောင်ကိုရီးယားဟာ ကျွန်ုပ်တို့ရဲ့ လေပိုင်နက်ထဲကို ဒရုန်းတွေ စေလွှတ်ပြီး ပြင်းထန်တဲ့ ရန်စမှုတွေ ဆက်တိုက် လုပ်လာနေပါတယ်။ ဒါဟာ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ပြီး လုံးဝသည်းခံလို့မရပါဘူး။ အဆင်အခြင်မဲ့ စစ်မီးလှုံ့ဆော်မှုတွေကို တောင်ကိုရီးယားဘက်က တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရပါလိမ့်မယ်။ တင်းမာမှုတွေ ပိုမိုမြင့်တက်လာစေတဲ့ အမှုတွေကိုလည်း တောင်ကိုရီးယားအာဏာပိုင်တွေ တာဝန်ယူရပါလိမ့်မယ်” လို့ ဖော်ပြ ထားပါတယ်။
KRT က ထုတ်လွှင့်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ အပိုင်းအစတွေဖြစ်သွားတဲ့ ဒရုန်းတစင်း၊ အီလက်ထရွန်နစ်အစိတ်အပိုင်းတွေ၊ ဒရုန်းက ရိုက်ကူးခဲ့တယ်လို့ဆိုတဲ့ အဆောက်အအုံတွေရဲ့ ဝေဟင်ဓာတ်ပုံတွေကို မြင်တွေ့ရပါတယ်။
ဒါပေမဲ့ အဲဒီဓာတ်ပုံတွေကို သတင်းဌာနတွေက လွတ်လပ်စွာ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
တောင်ကိုရီးယားစစ်တပ်ဘက်ကတော့ မြောက်ကိုရီးယားက စွပ်စွဲထားတဲ့နေ့မှာ ဘာဒရုန်းမှ မလွှတ်ခဲ့ကြောင်းနဲ့ ဒီကိစ္စကို သမ္မတ အီဂျယ်မြောင်က သေချာစွာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထား ကြောင်း စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ အီဂျယ်မြောင်ဟာ ဇွန်လမှာ တာဝန်ယူပြီးကတည်းက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု တွေ လျော့ပါးစေဖို့ မြောက်ကိုရီးယားနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကတိပြုထားပေမဲ့ ပြုံယမ်း ကတော့ ဆိုးလ်အစိုးရရဲ့ ပြေလည်ရေး ကြိုးပမ်းမှုတွေကို ဆက်တိုက် ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။
Source:Reuters


