Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကို စစ်ကောင်စီအသုံးချနိုင် 
DVB
·
January 8, 2026
Photo: Cincds

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကိုမှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး ဒီခရီးစဉ်ကို စစ်ကောင်စီအနေနဲ့  အာဏာတည်မြဲရေးအတွက် အသုံးချနိုင်တယ်လို့ NUG ဘက်က ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စ မာရီယာထရီဆာပရီနိုလာဇရိုဟာ ဇန်နဝါရီ ၅ ရက်ကနေ ၇ ရက်အထိ နေပြည်တော်ကို လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က ၂၀၂၀ ရွေးကောက်ပွဲကြောင့် စစ်တပ်က အာဏာယူခဲ့ရတာလို့ ပြောခဲ့တဲ့အပြင် ၂၀၂၅ ရွေးကောက်ပွဲ ကျင်းပနေမှုတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးတယ်လို့ စစ်တပ်ဘက်က ပြောသလို ဖိလစ်ပိုင်ဘက်ကလည်း အာဆီယံ ဘုံသဘောတူညီမှု ၅ ရပ်ကို ဆက်လက်အကောင်အထည်ဖော်မယ်လို့ ပြောခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့အမြင်ကို မေးမြန်းရာမှာတော့ ဆွေးနွေးချက် အသေးစိတ်ကို မသိရလို့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်တဲ့အကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ဒီလိုမျိုး စစ်ခေါင်းဆောင်နဲ့ ဘယ်လိုအကြောင်းကြောင်းနဲ့ပဲ တွေ့ဆုံ တွေ့ဆုံပေါ့နော်၊ သူကတော့ ဒီတွေ့ဆုံမှုကို အသုံးချပြီးတော့ သူ့ရဲ့ အာဏာတည်မြဲရေးအတွက်ကို အမြဲတမ်း အသုံးချခဲ့တာတွေ ရှိတယ်ပေါ့နော်။ အဲအတွက်ကြောင့် ဒါမျိုးတွေကို သတိထားဖို့ ဆိုတာတော့ ကျနော်တို့က အမြဲတမ်း ပြောနေတဲ့အရာ ဖြစ်ပါတယ်။”

ဒါ့အတူ NUG အနေနဲ့ အာဆီယံဥက္ကဋ္ဌအဆက်ဆက်နဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့သလို အခုဥက္ကဋ္ဌသစ်နဲ့လည်း ပုံမှန်အတိုင်း ဆက်လက်ဆက်ဆံသွားမယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

တဖက်မှာလည်း ဖိလစ်ပိုင်ရဲ့ ဥက္ကဋ္ဌသက်တမ်းဟာ စစ်တပ်ရွေးကောက်ပွဲကာလနဲ့ တိုက်ဆိုင်နေတာကြောင့် အာဆီယံရဲ့ မူဝါဒကို အဆုံးအဖြတ်ပေးမဲ့ အလှည့်အပြောင်းတခု ဖြစ်လာနိုင်တဲ့အကြောင်း နိုင်ငံရေးလေ့လာသူတချို့က ရှုမြင်ကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက “လုပ်ရိုးလုပ်စဉ်ထက်စာရင်ပေါ့နော် သူက သူ့ရဲ့ ဖိလစ်ပိုင်လက်ထက်မှာ အခုလက်ရှိရွေးကောက်ပွဲနဲ့ကြုံတယ်။ နောက်တက်လာမဲ့ အစိုးရသစ်နဲ့ ကြုံတယ်ဆိုရင် သူက အလှည့်အပြောင်းတခုကို သူဆုံးဖြတ်ရတော့မယ့်ကာလ ဖြစ်တယ်လို့ ကျနော် ထင်တယ်ဗျ။ အဲဒီမှာလည်း ကျနော်သုံးသပ်တာက တက်လာတဲ့အစိုးရကို လက်ခံပြီးတော့ ဒါ ဘာခေါ်မလဲ အသွင်ပြောင်းသွားပြီ စသဖြင့် ဆုံးဖြတ်ဖို့ ပိုများမယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။

အရင် အင်ဒိုနီးရှားနဲ့ မလေးရှား ဥက္ကဋ္ဌ သက်တမ်းတွေမှာ NUG အပါအဝင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တချို့နဲ့ အခုချိန်ထိ ထိတွေ့ဆက်ဆံမှုတွေ ရှိနေတုန်းဆိုပေမဲ့ ဖိလစ်ပိုင်လက်ထက်မှာ ဘယ်လိုမူဝါဒမျိုး ဆက်လက်ဆွဲကိုင်မယ် ဆိုတာကတော့ အသေအချာ မပြောနိုင်သေးဘူးလို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

တဖက်မှာလည်း ဖိလစ်ပိုင်ဟာ စစ်တပ်ရွေးကောက်ပွဲ ပထမပိုင်းမှာ ရန်ကုန်သံရုံးကိုယ်စားလှယ်တွေ စေလွှတ်ပေးခဲ့သလို အားလုံးပါဝင်တဲ့ အပြုသဘော ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောဆိုဖူးပါတယ်။

အခု ၂၀၂၆ ခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက အလှည့်ကျပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ဖိလစ်ပိုင်ကိုပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013