
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာက ၃ လကြာပျောက်ဆုံးနေတဲ့ အမျိုးသမီး ၃ ယောက်ရဲ့ ရုပ်အလောင်း အရိုးစုတွေကို စစ်ကောင်စီ၏ အမှတ်(၃၂) ရဲတပ်ရင်းအနီးမှာ ဇန်နဝါရီ ၂ ရက်က ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာအစောပိုင်းမှာ ရဲတပ်ရင်းအနီးက ဥယျာဉ်ခြံမြေကို ရွာသား ၂ ယောက်နဲ့ အတူသွားကြရာမှာ စစ်ကောင်စီတပ်နဲ့ တွေ့ပြီးနောက် ရှေ့ဆက်မသွားဖို့ ဟန့်တားခဲ့ရာ ရွာသား ၂ ယောက်မှာ ရွာပြန်ခဲ့ပေမဲ့ ယခုအလောင်းသာတွေ့ရှိရတဲ့ အမျိုးသမီးတွေဟာ အခြားလမ်းတခုက သွားရာကနေ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။
“အုန်းတောရွာဆိုတာ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ ကပ်နေတာ။ သူတို့မှာ အဲဒီရွာအနီး ပတ်ဝန်းကျင်တွေမှာ ဥယျာဉ်ခင်းတွေရှိကြတယ်။ အဲဒီ ဥယျာဉ်ခင်းကို သွားတာမှာ စစ်ကောင်စီ တပ်သားတွေက မသွားဖို့ ဟန့်တားတယ်လို့ ပြောကြတယ်။ သူတို့နဲ့ အတူပါသွားတဲ့ ရွာသားနှစ်ယောက်ကတော့ ရွာပြန်ခဲ့ကြပေမဲ့ အခု အလောင်းတွေ့ကြတဲ့ အမျိုးသမီး ၃ ဦးကတော့ နောက်လမ်းတစ်ခုက သွားကြတာမှာ ပျောက်ဆုံးသွားတာ။ မိသားစုတွေ စုံစမ်းပေမဲ့လည်း မရဘူး။ ဒီလ အစောပိုင်းကပဲ ရဲတပ်ရင်းအနီးမှာ မြှုပ်နှံပြီးတွေ့ရတာ။ သူတို့ရဲ့ အရိုးစုတွေကပဲ ရှိတော့တယ်။ မိသားစုဝင်တွေက သူတို့ရဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေကြောင့် ပျောက်ဆုံးနေသူတွေလို့ အတည်ပြုလို့ရတာ” လို့ပြောပါတယ်။
အခု အအမျိုးသမီး ၃ ယောက်မှာ အုန်းတောကျေးရွာက ဒေါ်လှသိန်းရွှေ (၅၅ နှစ်)၊ သမီးဖြစ်သူ ဒေါ်အေးအေးသိန်း (၃၁ နှစ်) နဲ့ တူမဖြစ်သူ မပြည့်စုံဝင်း (၁၃ နှစ်) တို့ ဖြစ်ကြပါတယ်။
သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို ရှာဖွေတွေရှိတဲ့ နေရာတွေဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေ ဖြစ်တာကြောင့် စစ်ကောင်စီက သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ကျောက်ဖြူမြို့နယ်မှာ လက်ရှိအထိလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြပြီး စစ်ကောင်စီရဲ့ အမှတ် ၃၂ တပ်ရင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်တို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


