Home
မြန်မာသတင်း
ကျောက်ဖြူမြို့ပြင်၌ တိုက်ပွဲများပြင်းထန်
DVB
·
December 27, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပြင်ဘက်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က “တိုက်ပွဲတွေဟာ ဇိုင်ချောင်းနဲ့ ရေနံတောင် အနီးအနားဒေသတွေမှာ မနေ့ညကတည်းက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ မနေ့က မနက်ပိုင်းကတည်းက နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာပါ၊ စစ်ကော်မရှင်ဘက်က စစ်ကြောင်းတွေကို AA က ကြားဖြတ်တိုက်နေတယ်” လို့ ပြောပါတယ်။

AA က ပိတ်ဆို့ထားတဲ့ မင်းပြင် မိုးလေဝါသရေဒါစခန်းတောင်နဲ့ သိုင်းချောင်းဆည်ကို စစ်ကူအဖြစ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တွေကို AA က ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မနေ့ညမနက်ပိုင်းမှာပဲ အင်အား ၇၀ ပါ စစ်တပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းကို ရေနံတောင်ကျေးရွာ ပတ်ဝန်းကျင်နဲ့ ဇိုင်ချောင်းကျေးရွာ အနီးအနားတွေမှာ AA က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က အထိခိုက်တွေရှိနေတယ်လို့ နောက်ထပ် မြေပြင် စစ်ရေးသတင်းရင်းမြစ် ပြောပါတယ်။

“သူတို့က ရဲတပ်ရင်း ၃၂ ကနေ ထွက်လာတာပါ၊ အဲဒါကို AA က အသင့်စောင့်ပြီး သတ်ကွင်းထဲ ရောက်လာချိန်မှာ တိုက်ခိုက်တာပါ၊ သိရသလောက်တော့ စကမ ဘက်က အထိခိုက် ရှိနေတယ်လို့ ကြားပါတယ်။”

လက်ရှိ ကျောက်ဖြူဒေသမှာတော့ နေရာအနှံ့ တိုက်ပွဲတွေပြန်ဖြစ်နေပြီး စစ်တပ်က သိမ်းပိုက်ထားတဲ့ သိုင်းချောင်းဆည်နဲ့ မင်းပြင်တောင်တွေကို AA က ပြန်လည် ဝိုင်းပိတ်ဆို့ထားကာ စစ်တပ်ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ စစ်ကူထိုး စစ်ဆင်နေတာပါ။

AA နဲ့ စစ်ကောင်စီတပ်တွေဟာ ဒိုးမတောင် ပတ်ဝန်းကျင်၊ ရေနံတောင်နဲ့ ဇိုင်ချောင်း ပတ်ဝန်းကျင်တွေမှာ အခုရက်ပိုင်းအတွင်း ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး ရေတပ်က လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုနဲ့ တပ်စခန်းတွေက လက်နက်ကြီး ပစ်ခတ်မှုတွေကို တိုက်ပွဲဧရိယာအပြင် AA ထိန်းချုပ်ထားတဲ့ ကျေးရွာအနီးအနား တောတောင်တွေထိပါ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီလို လက်နက်ကြီး၊ ဒရုန်းနဲ့  ရေတပ်တွေက ပစ်ခတ်နေမှုကြောင့် ပတ်ဝန်းကျင် ဒေသခံ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေကြရပြီး ဒီဇင်ဘာ ၁၁ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ငလုံးစုကျေးရွာက အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013