
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ပွိုင့်-၆၆၆ စခန်းကုန်းနဲ့ ညောင်းကျိုး စစ်မျက်နှာတို့မှာ စစ်ကောင်စီတပ်ရဲ့ အင်အားဖြည့်တင်းမှုတွေဟာ လမ်းခုလတ်မှာတင် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အင်အားပြုန်းတီးမှုနဲ့ ဆက်တိုက်ရင်ဆိုင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၂ ရက်က ပန်းတောင်းမြို့နယ်မှာရှိတဲ့ ကပစ-၁၆ ကနေ ပွိုင့်-၆၆၆ စခန်းကုန်းကို ပို့ဆောင်တဲ့ စစ်ကြောင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အင်အား ၆၀ နီးပါး သေဆုံးပြီး စစ်ကြောင်းလည်း ဖရိုဖရဲနဲ့ ပြန်လည် တပ်ဆုတ်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်ခံရမှုမှာ စစ်တပ်က စစ်ကြောင်းမှူးအဆင့်ရှိ ဗိုလ်မှူးတယောက် အပါအဝင် အရာရှိတချို့လည်း သေဆုံးခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက ပွိုင့်-၆၆၆ စခန်းကုန်းကို အင်အားဖြည့်တင်းဖို့ အသည်းအသန် ကြိုးပမ်းနေတာ ရှိတယ်။ ဒီဇင်ဘာလ အစောပိုင်းကတည်းက တကြိမ်နဲ့ အခု ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တကြိမ် အင်အားဖြည့်တင်းဖို့ ကြိုးပမ်းခဲ့တာရှိတယ်။ သူတို့ဘက်က စစ်ကြောင်းထိုးလာရင် ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်တာကြောင့် အထိနာပြီးတော့ ဖရိုဖရဲ ပြန်ဆုတ်ရတာပဲ ရှိတယ်။ ဒီရက်ပိုင်း တိုက်ပွဲမှာဆို စစ်ကြောင်း ဦးစီးလာတဲ့ ဗိုလ်မှူးတဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ လောက် ချေမှုန်းနိုင်ခဲ့တာ ရှိတယ်။ လက်နက်တွေရော အလောင်းတွေပါ သိမ်းဆည်းရမိထားတယ်။ သူတို့ဘက်ကတော့ လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်နေတာ ရှိနေပြီး တိုက်ပွဲတွေလည်း ရှိနေဆဲပဲ။”
ပွိုင့်-၆၆၆ စခန်းကုန်းဟာ ကပစ-၁၆ နဲ့ ၂ မိုင်ကျော် အကွာအဝေးလောက်သာရှိပြီး အောက်တိုဘာလက အာရက္ခတပ်တော် သိမ်းပိုက်နိုင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ပွိုင့်-၆၆၆ စခန်းကုန်းဟာ ပူးပေါင်းတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ခံထားရပြီး စစ်ပတ်က လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ညောင်ကျိုးစစ်မျက်နှာဘက်မှာလည်း စစ်ကောင်စီက ဆင်လန်ကျေးရွာဘက်ကနေ ထိုးစစ်ဆင်နေတာ ရှိပေမဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာ၊ ပိတ်ဆို့တိုက်ခံရတာတွေကြောင့် အင်အားပြုန်းတီးမှုတွေနဲ့သာ ရင်ဆိုင်နေကြရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ကပစ စက်ရုံ ၄ ခုအထိ တည်ရှိသလို ရခိုင်ပြည် တောင်ကုတ်မြို့နယ်နဲ့ ထိစပ်နေတာကြောင့် နှစ်ဖက်လုံးအတွက် အရေးပါတဲ့ စစ်မြေပြင် ဖြစ်တဲ့အတွက် အပြန်အလှန် ထိုးစစ်တွေ ရှိနေဦးမှာလို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“ပန်းတောင်းဘက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဒီရက်ပိုင်းမှာ ဆက်တိုက်တွေ့နေရတယ်။ စစ်ကောင်စီဘက် ဆုံးရှုံးနယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေသလို AA ဘက်ကလည်း ရသလောက် ရှေ့ထိုးနိုင်ဖို့ ကြိုးပမ်းနေတာ တွေ့ရတယ်။ ပန်းတောင်းဆိုတာက စစ်ကောင်စီက ကပစ စက်ရုံ ၄ ခုအထိ အခြေစိုက်ထားတာကြောင့် စစ်ကောင်စီရဲ့ အသက်သွေးကြောလို့ ဆိုနိုင်သလို ရခိုင်ပြည် တောင်ကုတ်နဲ့လည်း ထိစပ်နေတာကြောင့် AA အတွက်ပါ စစ်ရေးအရ အရေးပါတဲ့ဒေသ ဖြစ်တယ်။ ဒီလို အရေးပါတာကြောင့် နှစ်ဖက် ထိုးစစ်တွေက ရှိနေကြဦးမှာဖြစ်တယ်။”
ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီက စကခ-၁၀ လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက စစ်ရေးဖော်ဆောင်နေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးထိ၊ ပုဂံကွဲနဲ့ ညောင်ကျိုးစခန်းတွေ အပါအဝင် တပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြတာ ဖြစ်ပါတယ်။


