
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား နယ်စပ်တိုက်ပွဲတွေ ဒီဇင်ဘာ ၂၃ ရက်မှာ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက်ရှိ မဟာဗျူဟာကျတဲ့ ကုန်းမြေမြင့်နေရာတွေကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။
ထိုင်းစစ်တပ် တပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းအထိ ကမ္ဘောဒီးယားနယ်မြေရှိ ပစ်မှတ်အများအပြားကို ပစ်ခတ်ဖို့ အမြောက်နဲ့ တင့်ကားမှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေကို ဆက်လက်အသုံးပြုနေကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချီတာက ပြောကြားခဲ့ပါတယ်။
ထိုင်းနဲ့ နယ်စပ်ပဋိပက္ခ ၁၇ ရက်မြောက်နေ့ကို ဝင်ရောက်လာတာနဲ့အမျှ ကမ္ဘောဒီးယားမှာ အရပ်သားသေဆုံးမှု အရေအတွက် ၂၁ ယောက်အထိ မြင့်တက်လာကြောင်း ဒုဗိုလ်ချုပ်ကြီး မာလီဆိုချီတာက ဒီဇင်ဘာ ၂၃ ရက် သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောပါတယ်။
ထိုင်းစစ်တပ်ဟာ ဘန်တေးမီးချေး၊ ပရဝိဟာနဲ့ အုဒါးမီးချေး စတဲ့ ကမ္ဘောဒီးယားပြည်နယ်တွေထဲက နေရာအများအပြားမှာ တိုက်ခိုက်ဖို့အတွက် တိုက်လေယာဉ်တွေ၊ တင့်ကားတွေ၊ အမြောက်တွေနဲ့ ဒရုန်းတွေကို ဆက်လက်အသုံးပြုနေခဲ့တာကြောင့် အရပ်သားအဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း သူကဆိုပါတယ်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ နုံ(င်) စာကားလ်က ကမ္ဘောဒီးယားနဲ့ ထိုင်း ၂ နိုင်ငံစလုံးဟာ အောက်တိုဘာလမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲငြိမ်းချမ်းရေး ကြေညာစာတမ်းကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထိုင်းဘက်ကို တောင်းဆိုကြောင်းလည်း သူက ပြောပါတယ်။
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခဟာ ဒီဇင်ဘာ ၇ ရက်ကတည်းက ပြန်လည်ဖြစ်ပွားနေပြီး တခြားဘက်က တိုက်ခိုက်မှုကို စတင်ခဲ့တာဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းဇယားတွေအရ ပဋိပက္ခကြောင့် အခုချိန်အထိ ကမ္ဘောဒီးယားလူမျိုး ၅၄၅,၀၀၀ လောက်ဟာ သူတို့ရဲ့နေအိမ်တွေကနေ ဘေးကင်းရာ ခိုလှုံရေးစခန်းနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
တရုတ်မီဒီယာအဖွဲ့ (CMG) သတင်းထောက်တယောက်ဟာ ဒီဇင်ဘာ ၂၃ ရက်က နယ်စပ်မှ ၁၀ ကီလိုမီတာ အောက်ရှိ အန္တရာယ်များတဲ့နေရာကို ဝင်ရောက်ကာ သတင်းယူနေတာဖြစ်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့တွေဟာ နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ တောင်ကုန်းအမှတ် ၆၇၇ မှာ ၉ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
နယ်စပ်တလျှောက်ရှိ တချို့နေရာတွေဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ဒေသခံတွေက သေနတ်သံတွေကို ကြားနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters


