
တနှစ်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တပ်စခန်း နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မှာ တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ KIA က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဗန်းမော်မြို့ကို စစ်ကောင်စီရဲ့ ထောက်ပို့စစ်သင်္ဘော ၁၀ စင်း ရောက်ရှိလာပြီးနောက် မြို့ထဲက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ တပ်စခန်းနဲ့ နေရာတချို့ကို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
လက်လွှတ်ခဲ့တဲ့နေရာတွေ အပါအဝင် မြို့ကိုပါ သိမ်းနိုင်ဖို့အထိ ရည်ရွယ်ပြီး နေရာစုံကနေ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“စစ်သင်္ဘော ရောက်လာပြီးနောက် ကျနော်တို့ဘက်ကနေ ထိုးစစ်ဆင်နေရာကနေ ချက်ချင်း ခံစစ်လို ပုံစံမျိုး ဖြစ်သွားတာ။ လေယာဉ်ကွင်းကနေလည်း ဆုတ်လိုက်ရတယ်။ သုံးမိုင်၊ တပ်ရင်း ၄၇ နားအထိကို ဆုတ်လိုက်ရပြီး ခံစစ်လို ဖြစ်သွားတာ။ ဒီနေ့မှာ ပြန်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပြီ။ လက်ရှိက ဘယ်နေရာမှာ ဘယ်လိုအခြေအနေ ဆိုတာတော့ ဘာမှတော့ မကြားရသေးဘူး။ ဒီလို ပြန်ထိုးစစ်ဆင်နိုင်ဖို့ ဒီကြားထဲ စုဖွဲ့မှုတွေ လုပ်ခဲ့တယ်။”
မြို့အတွင်းက စစ်ကောင်စီ တပ်ရင်းစခန်းနဲ့ ကာကင်းစခန်းတွေကို KIA ပူးပေါင်းတပ်က နေရာအစုံကနေ တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ကာ စစ်ကူပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာ မှန်ကန်ပေမဲ့ စစ်ဆင်ရေးတခုအနေနဲ့ ထိုးစစ်ဆင်တဲ့ အခြေအနေ ရှိမရှိကိုတော့ မသိရသေးဘူးလို့ DVB ကို ပြောပါတယ်။
“ဗန်းမော်ဘက် တိုက်ပွဲ ပြင်းထန်နေတယ် ဆိုတာပဲ ကြားရပါတယ်။ ကျနော်တို့ သတင်းဌာနကိုတော့ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သတင်းထူးတွေ မတက်သေးဘူး။ စစ်ဆင်ရေးတခုအနေနဲ့ ထိုးစစ်ဆင်နေတာ ရှိမရှိတော့ အတည်ပြုချက် သတင်းတက်မလာသေးဘူး။”
ဗန်းမော်မြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်က မြေပြင်ကနေ မကြာခဏ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုကို စစ်မြေပြင်နဲ့ အရပ်သား ပစ်မှတ်တွေကိုပါ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကစပြီး ဗန်းမော်မြို့ကို သိမ်းယူနိုင်ဖို့ KIA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တပ်ရင်း၊ တပ်စခန်း အများအပြားကို သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ပိတ်ဆို့ထားနိုင်ခဲ့တာပါ။
ဒါပေမဲ့ စစ်သင်္ဘော ရောက်ရှိလာကာ လူနဲ့ လက်နက်ခဲယမ်းအင်အား ပြန်လည်ဖြည့်တင်းနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ အမှတ် (၅၀၂၄) တင့်ကားတပ်ရင်း၊ အမှတ် (၃၆၆) အမြောက်တပ်ရင်း၊ ခြေလျင်တပ်ရင်း ခလရ (၂၃၆) တပ်ရင်းနဲ့ လေယာဉ်ကွင်း အပါအဝင် ကာကင်းစခန်းတချို့ကို တန်ပြန် ထိုးစစ်ဆင် သိမ်းယူခဲ့ပါတယ်။


