
စစ်အုပ်စုဘက်က ဝါဒဖြန့်ဖို့ အသစ်ထပ်ဖွင့်ထားတဲ့ MRTV စာမျက်နှာနဲ့ MRTV ပို့စ်တွေကို ပြန်လည်ကူးတင်ဖြန့်ဝေတဲ့ MRN စာမျက်နှာတို့ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား ပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီအရေးယူမှုဟာ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့် ယန္တရားအပေါ် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
အရင်ကတည်းက ဖေ့စ်ဘွတ်ခ်က MITV နဲ့ ရတနာပုံသတင်းစာ စာမျက်နှာတွေကို ဖယ်ရှားခဲ့ပြီး YouTube၊ Twitch နဲ့ Kick တို့ဘက်ကပါ အရေးယူမှုတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။ အခု MRTV နဲ့ MRN စာမျက်နှာအသစ်တွေကိုပါ ထပ်မံဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ကတော့ ၂၀၂၁ ခုနှစ်ကစပြီး မြန်မာစစ်တပ်နဲ့ စစ်အုပ်စု ဆက်နွှယ် အဖွဲ့အစည်းတွေ၊ မီဒီယာတွေကို ဖေ့စ်ဘွတ်ခ်နဲ့ အင်စတားဂရမ် ပလက်ဖောင်းတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးနေတယ်လို့ သိရပါတယ်။
Justice For Myanmar က နည်းပညာကုမ္ပဏီအားလုံးအနေနဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့် အကောင့်တွေကို ဆက်လက်ဖြုတ်ချပြီး မိမိတို့ ပလက်ဖောင်းတွေကို စစ်အုပ်စု အသုံးမချနိုင်အောင် ပိတ်ပင်သွားဖို့ တောင်းဆိုထားတယ်လို့ ထုတ်ပြန်ပါတယ်။


