Home
မြန်မာသတင်း
ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်
DVB
·
December 24, 2025

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းတည်ရှိတဲ့ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ပြီး ဂုတ်ကြီးကျေးရွာက အစိတ်အပိုင်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဂုတ်ကြီးကျေးရွာကို ပူးပေါင်းတပ်တွေက ပြန်ပြီးတော့ ထိန်းချုပ်ထားပြီးပါပြီ။ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကြောင့် တချို့နေရာတွေကို ဆုံးရှုံးလိုက်ရတာတွေ ရှိပေမဲ့ တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်ပြီးတော့ သိမ်းပိုက်လိုက်တာ။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အတော်လေးကို အထိနာပြီးတော့ ဖရိုဖရဲနဲ့ ပြန်ဆုတ်သွားရတယ်။ အလောင်းတွေ၊ လက်နက်တွေကိုလည်း အများအပြား သိမ်းဆည်းရမိခဲ့တာ ရှိတယ်။”

စစ်ကောင်စီဟာ အမ်း-ပဒါန်း လမ်းကနေတဆင့် စစ်ကူအင်အားဖြည့်တင်းပြီး ဂုတ်ကြီးရွာကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ နတ်ရေကန်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပဒါန်းအခြေစိုက် မစခ ၉၀၅ ကနေတဆင့် အမ်း-ပဒါန်းလမ်းကနေ မြေလတ်ကျေးရွာကို အင်အားတွေ ပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် မြေပြင်ထိုးစစ်ဆင်နေတာလို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မကွေး-ရခိုင် အစပ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကို အဆုံးရှုံးမခံရစေဖို့အတွက် စကခ-၁၄၊ စကခ-၁၇ လက်အောက်ခံတပ်တွေက စုပေါင်းအင်အားတွေနဲ့ တပ်ကူဖြည့်တင်းဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက နတ်ရေကန်ဗျူဟာစခန်းကို ပိတ်ဆို့ထားကြတာဖြစ်ပြီး စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေတဆင့် ဖြည့်တင်းမှုတွေ ပြုလုပ်နေကြရတယ်လို့ မြေပြင်ရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ အမ်းမြို့ကို သိမ်းပိုက်လိုက်ပြီး‌နောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ကို စစ်ရေးဖော်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013