
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အထပ်သားစက်ရုံအနီးမှာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာ ၃ ရွာက ဒေသခံ ၃,၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းအတိုင်း စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဒီမနက် အထပ်သားစက်ရုံအနီးမှာ ထိပ်တိုက် တိုက်ပွဲဖြစ်နေတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ အခု အလူးလေး၊ အလူးကြီးနဲ့ ဖိုးဝါးသိမ်ရွာတွေက ပြေးကုန်ပြီ” လို့ ပြောပါတယ်။
ဒါအပြင် စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် အလူးလေးအနောက်ရွာက မသီတာရဲ့ နေအိမ်ကို ထိမှန်ပျက်စီးခဲ့တဲ့အပြင် ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၇၀၀ နီးပါးက ဒေသခံ ၃.၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁၂ နာရီလောက်က ခမရ (၃) တပ်ရင်းကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ဘီးလင်းမြို့နယ်၊ အလူးကြီးအနောက်ဘက်ကမ်းက ခတ္တာဘုန်းကြီးကျောင်း ပေါ်ကျရောက်ပြီး လေးကေ့ကျေးရွာက ဒေသခံအမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါအပြင် အမျိုးသား ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်ခန့်


