Home
နိုင်ငံတကာ
ဥရောပတိုက်အနှံ့ ဆီးနှင်းများကြောင့် လူ ၆ ဦး သေဆုံးပြီး လေယာဉ်ခရီးစဉ်များဖျက်သိမ်း
DVB
·
January 7, 2026
Photo: REUTERS/Gonzalo Fuentes

ဥရောပတိုက် အနှံ့အပြားမှာ နှင်းအကြီးအကျယ်ကျပြီး ရေခဲမတတ်အေးနေတဲ့ ရာသီဥတုကြောင့် ခရီးသွားလာရေး ခက်ခဲကာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပြတ်တောက်နေကြောင်း သိရပါတယ်။

အခုလိုမျိုး ဆိုးရွားတဲ့ရာသီဥတုနဲ့ ဆက်စပ်ပြီး လူ ၆ ယောက် သေဆုံးခဲ့ရသလို ခရီးသွားလာမှုဆိုင်ရာ အခက်အခဲတွေလည်း ရက်ပိုင်းလောက် ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီနောက် ပြင်သစ်နိုင်ငံက မတူညီတဲ့ ဒေသနှစ်ခုမှာ လူ ၅ ယောက် သေဆုံးခဲ့ပြီး ကားမောင်းရတာ အန္တရာယ်များတဲ့ လမ်းအခြေအနေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်‌။

ဘော့စနီးယားမြို့တော် ဆာရာယေဗိုမှာလည်း ၄၀ စင်တီမီတာအထိ နှင်းကျခဲ့တဲ့အလျောက် သစ်ပင်နဲ့ ဖိမိကာ အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။

ဥရောပတဝန်းမှာတော့ လေယာဉ်ခရီးစဉ် ရာနဲ့ချီပြီး ဖျက်သိမ်းလိုက်ရသလို ပါရီနဲ့ အမ်စတာဒမ် လေဆိပ်တွေမှာလည်း ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်နေပါတယ်။

ပြင်သစ်မြို့တော် ပါရီရဲ့ ချားလ်စ်ဒီဂေါလ် လေဆိပ်မှာဆိုရင်​ လေကြောင်းခရီးစဉ် ၄၀ ရာခိုင်နှုန်းလောက်ကို ဖျက်သိမ်းခဲ့ရတယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

ဇန်နဝါရီ ၇ ရက်က နယ်သာလန်မြို့တော် အမ်စတာဒမ်က စကစ်ဖိုးလ် လေဆိပ်မှာလည်း ခရီးစဉ်ပေါင်း ၄၀၀ ကျော် ဖျက်သိမ်းခဲ့ရတာကြောင့် အတော်ကို ကမောက်ကမ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်းမှာပဲ စကစ်ဖိုးလ် လေဆိပ်ကနေ ထွက်ခွာမဲ့ နောက်ထပ် လေကြောင်းခရီးစဉ် ၆၀၀ ကိုပါ ဖျက်သိမ်းလိုက်ရကြောင်း NOS ပြည်တွင်းရုပ်သံဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီမှာရောက်နေတဲ့ စပိန်ခရီးသွားတယောက်ကတော့ လေဆိပ်အခြေအနေကို “ပရမ်းပတာနဲ့ ရှုပ်ထွေးနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ပျက်စရာကောင်းတဲ့အပြင် လုံးဝလက်မခံနိုင်စရာဖြစ်တယ်” လို့ပါ မှတ်ချက်ပြုပါတယ်။

အဲဒီနောက် ပြင်သစ်ပို့ဆောင်ရေးဝန်ကြီး ဖိလိပ်တာဘာဟိုဟာ လမ်းပေါ်ထွက် သွားလာတာတွေ တတ်နိုင်သမျှ လျှော့ချဖို့နဲ့ အိမ်ကနေသာ အလုပ်လုပ်ကြဖို့အတွက် (Work from Home) ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ပြင်သစ်အမျိုးသားမိုးလေဝသဌာနကလည်း ဆီးနှင်းနဲ့အတူ လမ်းပေါ် ရေခဲဖုံးနေတဲ့ (Black ice) အန္တရာယ်တွေအရ ခရိုင် ၃၈ ခုကို လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြင်သစ်ဒေသတချို့က ရထားခရီးစဉ်တွေကိုပါ ရပ်နားထားရကြောင်း အသိပေးထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013