ပဲခူးတိုင်းရှိ အမှတ် ၁ စစ်ဆင်ရေးနယ်မြေ အထူးတိုင်း စစ်ဌာနရဲ့ ချေမှုန်းရေး မွမ်းမံ အပတ်စဥ် ၁ ကို ဒီဇင်ဘာ ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး လုံခြုံရေးအခြေနေရ ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာလို့ သင်တန်းစီစဥ်သူတွေဆီက သိရပါတယ်။
ချေမှုန်းရေးမွမ်းမံသင်တန်း အထူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ၊ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့ (LDFs)တွေက ရဲဘော်တွေကို ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ လေ့ကျင့်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။
အထူးတိုင်း စစ်ဌာနတိုင်းကွပ်ကဲရေးမှုး ရဲဘော်အောင်စံရှားက “ချေမှုန်းရေးမွမ်းမံသင်တန်းဆိုတာ အရေအတွက်ကို အင်အားအဖြစ် ပြောင်းလဲလိုက်တာပါ၊ ရဲဘော်တိုင်းနီးပါး ချေမှုန်းရေး တိုက်ခိုက်ရေး လုပ်နိုင်တဲ့ အရည်အချင်းရှိရမယ်၊ ဒါမှ တပ်အင်အား ခိုင်မာလာမှာပါ။ PDF၊ ပကဖ၊ LDFs တဖွဲ့နဲ့တဖွဲ့ ပူးပေါင်းစစ်ဆင်ရေးတွေလည်း လုပ်နိုင်ရမယ်၊ စစ်ဆင်ရေးကြီးတွေအတွက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်တဲ့သဘောပါ”လို့ ပြောပါတယ်။
စစ်ရေးကာလမှာ စစ်ဆင်ရေးလုပ်ရင်း ချေမှုန်းရေးသင်တန်းတွေကိုပါ လုပ်ဆောင်နေတာဖြစ်ပြီး ခုပြုလုပ်တဲ့ ချေမှုန်းရေးမွမ်းမံ အပတ်စဥ် ၁ သင်တန်းမှာတော့ သင်တန်းသားရဲဘော် ၂၀၀ နီးပါး သင်တန်းတက်ရောက်ခဲ့ပါတယ်။
အမှတ် ၁ စစ်ဆင်ရေးနယ်မြေအထူးတိုင်း စစ်ဌာနချုပ်အနေနဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ရေးတာဝန်တွေကို ထမ်းဆောင်နေပြီး အခါအခွင့်သင့်သလို စစ်ရေးချေမှုန်းရေးနဲ့ စုဖွဲ့မှု အားကောင်းကောင်းနဲ့ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိပါတယ်။











