
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ အညွှန်းကိန်းတွေဟာ ဆက်တိုက်ကျဆင်းခဲ့ပြီး လူထုရဲ့ အထွေထွေအကျပ်အတည်းတွေ နောက်နှစ်မှာလည်း ဆက်လက်ရှိနေဦးမှာဖြစ်ပြီး ပြန်လည်ဦးမော့ဖို့ ရုန်းကန်နေရမှာဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။
ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP)
အာဏာသိမ်းမှု မဖြစ်ပွားမီ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်နှုန်းဟာ ၆ ဒသမ ၇၅ ရာခိုင်နှုန်းထိ ရှိခဲ့ရာကနေ အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၃ ဒသမ ၁၇ ရာခိုင်နှုန်းကို အနည်းငယ်ကျဆင်းသွားခဲ့ပြီး အာဏာသိမ်း ၅ နှစ်တာကာလမှာ ဆက်တိုက်ကျဆင်းခဲ့ရာ အခု ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာတော့ အနုတ် ၂ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ တိုင်းပြည်စီးပွားရေးကျဆင်းလာတဲ့အဓိက အကြောင်းတရားတွေကတော့ ငလျင်ဘေးဒဏ်၊ စစ်ဘေးဒဏ်၊ ပြည်တွင်းဝယ်လိုအားကျဆင်းမှု၊ လုပ်သားရှားပါးမှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဆရာဦးစိန်ဌေးက သုံးသပ် ပြောပါတယ်။
“မြန်မာနိုင်ငံမှာ အဲဒီကြီးမားတဲ့အချက် ၅ ချက်က ရင်ဆိုင်နေရတယ်။ ဒါ့ကြောင့်မို့လို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထိခိုက်နစ်နာမှုတွေရှိတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ GDP ကို ထိခိုက်နစ်နာပြီး ကျသွားစေတဲ့အထဲမှာ နောက် ၄ ချက်က ထပ်ဆောင်းတဲ့အခါမှာ အားလုံး သိတဲ့အတိုင်းပေါ့၊ အဲဒီထဲ အဆိုးဆုံးကတော့ Labour Shortage (လုပ်သား ရှားပါးပြတ်လပ်မှု) စစ်သားစုဆောင်းတဲ့ ပြဿနာဟာ တိုင်းပြည်ကို လောလောဆယ်မှာ ကျဆင်းသလို ရေရှည်မှာလည်း သွားမှာပဲ။”
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု (Earthquake Effect)
၂၀၂၅ ခုနှစ်ရဲ့ စီးပွားရေးအခြေအနေတွေကို သုံးသပ်ပြောတဲ့အခါ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကလည်း မြန်မာ့စီးပွားရေးကို အများကြီးသက်ရောက်စေခဲ့ပါတယ်။ ငလျင်ဘေးကြောင့် ငွေကြေးဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံလောက် ရှိခဲ့တယ်လို့ DVB ဒေတာအဖွဲ့ရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် အိုးအိမ်ပိုင်ဆိုင်မှုတွေနဲ့ စက်ရုံ အလုပ်ရုံတွေ ပျက်စီးဆုံးရှုံးခဲ့တာကြောင့် အလုပ်အကိုင်ရှားပါးတာ ကုန်ထုတ်လုပ်မှုတွေမရှိတော့တာ စတဲ့ အကျပ်အတည်းတွေကိုပါ ရင်ဆိုင်ခဲ့ကြရပါတယ်။
ငွေကြေးဖောင်းပွမှု (Inflation)
၂၀၂၅ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု ဖိအားက အနည်းငယ် လျော့ပါးလာပေမဲ့ မြင့်မားတဲ့ အညွှန်းကိန်းတွေမှာ ဆက်လက်ရှိနေပြီး ထိန်းချုပ်နိုင်တာ မရှိသေးကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ငွေကြေးဖောင်းပွမှုနှုန်းဟာ အာဏာသိမ်းမှုမစတင်ခင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ရတာကနေ အာဏာသိမ်းတဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ၉ ဒသမ ၆ ထိ တိုးလာခဲ့ရာ ပြီးခဲ့တဲ့ ၂၀၂၄- ၂၅ ဘဏ္ဍာနှစ်မှာတော့ ၂၉ ဒသမ ၆ ရာခိုင်နှုန်းထိ တိုးလာကြောင်း ကမ္ဘာ့ဘဏ်ကိန်းဂဏန်းတွေအရ သိရပါတယ်။
ငွေကြေးဖောင်းပွမှုဟာ လာမဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၂၂ ရာခိုင်နှုန်းကို အနည်းငယ် ကျဆင်းလာနိုင်ဖွယ်ရှိပေမဲ့ သွင်းကုန်ကန့်သတ်ချက်တွေ၊ လျှပ်စစ်နဲ့ စွမ်းအင်ခနှုန်းထားတွေ မြင့်တက်ကာ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားတာနဲ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေကြောင့် စိုးရိမ်ရတဲ့အနေအထားမှာပဲ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။
စီးပွားရေးပညာရှင်တယောက်က “အခက်အခဲတွေ ကြုံလာတဲ့အခါမှာ ကုန်ကျစရိတ်တွေက တက်လာမယ်၊ တက်လာရင် စားသုံးသူဖြစ်တဲ့ ပြည်သူတွေအပေါ်မှာ ကုန်ကျစရိတ်တွေ ခံရတယ်။ သူတို့မှာ အလုပ်အကိုင်အဆင်မပြေလို့ ဝင်ငွေနည်းနေတဲ့အခါ စားသုံးကုန်တွေကလည်း တက်နေတဲ့အခါကျတော့ ပြည်သူတွေရဲ့ ကျပ်တည်းမှုဟာ ပြောမပြတတ်လောက်အောင် ဆိုးဝါးနေတယ်။ နောက်တခုက ကုန်ထုတ်လုပ်မှုမှာ မစိုက်ရ မပျိုးရ ကုန်ကြမ်းတွေက မရဘူး၊ လမ်းတွေ ပိတ်တာအပြင် ပစ္စည်းသယ်ယူမှုတွေကိုလည်း ကန့်သတ်တယ်၊ တချို့ဒေသတွေမှာဆို အစားအသောက်တွေ မရှိတော့ဘူး၊ လူဦးရေနဲ့ အစားအသောက် မမျှတော့ဘူး၊ ဝင်ငွေမရှိတဲ့အခါ အငတ်ဘေးတွေထိ ကြုံနေရတဲ့ဒေသတွေလည်း ရှိတဲ့အတွက် ဒီလို ဆက်လက်သွားနေပြီး ဘာထောက်ပံ့မှုမှ မရဘူး။ စစ်ရှောင်နေတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး နေထိုင်ရေး အကျပ်အတည်းတွေဟာ ရှေ့လျှောက် ပိုမိုဆိုးဝါးလာဖို့ပဲရှိပါတယ်” လို့ ပြောပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်း (Commodity Price)
အခြေခံစားသောက်ကုန်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဆန်က ၅ ဒသမ ၅ ဆ၊ စားအုန်းဆီက ၆ ဆခန့်၊ ကြက်သွန်နီက ၉ ဆ၊ ဝက်သားက ၃ ဆခန့်နဲ့ အသီးအရွက်ဈေးက ၁၀ ဆနီးပါး တိုးလာကြောင်း သိရပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာဟာ ၃ ဒသမ ၁ ဆ၊ ရွှေဈေးဟာ ၇ ဆ နဲ့ စက်သုံးဆီက ၂ ဒသမ ၉ဆ (၃ ဆနီးပါး) တိုးလာကြောင်းလည်း တွေ့ရှိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဆန်ကြမ်း (ဆန်ကွဲ ပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) တအိတ်ကို ကျပ် ၄၇,၀၀၀ ကနေ ကျပ် ၄၉,၀၀၀ အတွင်းရှိပြီး ရွှေဘိုပေါ်ဆန်း အကောင်းစား ဆန်အချော တအိတ်ကို အမြင့်ဆုံး ကျပ် ၁၈၀,၀၀၀ ကနေ ၁၉၀,၀၀၀ အတွင်းနဲ့ ဧရာဝတီပေါ်ဆန်းက ကျပ် ၁၂၀,၀၀၀ ကနေ ၁၃၀,၀၀၀ အတွင်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာကို ကျပ် ၆,၀၆၀ ရှိပါတယ်။
ဒီအချက်အလက်တွေဟာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေသာ ဖြစ်ပြီး လက်တွေ့ပြင်ပဈေးကွက်ထဲမှာတော့ ကုန်သည်တွေရဲ့ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက် ဖြစ်ပါတယ်။
၂၀၂၆ စီးပွားရေး ခန့်မှန်းသုံးသပ်ချက်
လာမဲ့ ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပထမ ၆ လတာမှာ မြန်မာနိုင်ငံရဲ့ GDP က ၃ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်ထားပေမဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အဟန့်အတားတွေ ရှိနေဆဲဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ကျဆင်းနေတဲ့ သွင်းကုန်ပို့ကုန်ကဏ္ဍ၊ မြင့်မားနေဆဲဖြစ်တဲ့ ငွေကြေးဖောင်းပွမှုတွေ၊ ကုန်သွယ်ရေး ကန့်သတ်ချက်တွေနဲ့ လုပ်သားရှားပါးမှု စိန်ခေါ်မှုတွေကြားထဲမှာ မြန်မာ့စီးပွားရေးဟာ ပြန်လည်ဦးမော့လာဖို့ ရုန်းကန်နေရဆဲဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။
ဝေဝေ


